ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား သင်တန်းသူ များ၊ နည်းပြ၊ အုပ်ချုပ်သူများ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ရှိ ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ်ပြပွဲသို့ သွားရောက် ..

 

ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား သင်တန်းသူ များ၊ နည်းပြ၊ အုပ်ချုပ်သူများ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ရှိ ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ်ပြပွဲသို့ သွားရောက်လေ့လာကြည်ညို

 

နေပြည်တော် မေ ၄

နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ် မောင်မယ်များကို ရေကြောင်းပညာနှင့် လေကြောင်း ပညာဆိုင်ရာ ဗဟုသုတများ ရရှိတိုးပွားစေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်း ပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း များ၊ တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ် သင်တန်းများကို ဧပြီ ၂၇ ရက်က သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ သင်တန်းစခန်းများ၌ စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

 

ထိုသို့ လေ့ကျင့်သင်ကြားလျက်ရှိသည့် ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့် သင်တန်းများမှ သင်တန်းသား သင်တန်းသူများနှင့် နည်းပြ၊ အုပ်ချုပ်သူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ရှိ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်း အမှတ်ပြပွဲသို့ ရောက်ရှိလေ့လာကြသည်။

 

ဦးစွာ ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား သင်တန်းသူများနှင့် နည်းပြ၊ အုပ်ချုပ်သူများသည် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား လေ့လာဖတ်ရှုကြသည်။

 

ထို့နောက် သင်တန်းသား သင်တန်းသူများနှင့် နည်းပြ၊ အုပ်ချုပ်သူများသည် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့်အထိမ်းအမှတ် အထူးပြပွဲတွင် ပထမသင်္ဂါယနာတင်မှ ဆဋ္ဌမသင်္ဂါယနာတင် အကြောင်းအရာများနှင့် ယနေ့ခေတ် သာသနာတော် ဆိုင်ရာ ဆောင်ရွက်ချက်များကို ပြကွက် ၁၀ ကွက် ဖြင့် ပြသထားရှိမှုများကို စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာကြည်ညိုကြရာ ဟိုတယ်၊ ခရီးသွားလာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ)မှ တာဝန်ရှိသူများက ပြခန်းကဏ္ဍအလိုက် ဗဟုသုတ ရရှိဖွယ်များကို လိုက်လံရှင်းလင်းပြသကြပြီး သင်တန်းသား သင်တန်းသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်း ဖြေကြား ပေးသည်။

 

ယင်းနောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဒေါက်တာ ဘဒ္ဒန္တ ဆေကိန္ဒက ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား သင်တန်း သူများအား ဗုဒ္ဓဆိုင်ရာ အမေးအဖြေများ ပြုလုပ်ကာ ဆုံးမဩဝါဒစကားများ ပြောကြားသည်။

ထို့နောက် သင်တန်းသား သင်တန်းသူများအား သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဆဋ္ဌသင်္ဂါ ယနာတင်ရခြင်း သမိုင်းကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက နှုတ်ခွန်း ဆက်စကား ပြောကြားသည်။

 

သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာ အခမ်းအနားကို ဧပြီ ၃၀ ရက်မှ မေ ၂ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပခဲ့ကြောင်းနှင့် ဆဋ္ဌသင်္ဂါယနာ တင်အောင်ပွဲ နှစ်(၇၀) ပြည့် အထိမ်းအမှတ်ပြခန်းကို မေ ၁၀ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြသထားမည်ဖြစ်၍ ထေရဝါဒဗုဒ္ဓသာသနာတော် တည်တံ့ခိုင်မြဲစေရန် ခေတ်အဆက်ဆက် ဝိုင်းဝန်း ကြိုးပမ်းထိန်းသိမ်းစောင့်ရှောက်ခဲ့ပုံများကို ဗုဒ္ဓဘာသာဝင် ပြည်သူများအနေဖြင့် လေ့လာကြည့်ရှုကြည်ညို သဒ္ဓါပွားများ နိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်