၂၀၂၅-၂၀၂၆ ချန်ပီယံရှစ်ပြိုင်ပွဲ ရာသီသိမ်း အနှစ်ချုပ်

 

၂၀၂၅-၂၀၂၆ ချန်ပီယံရှစ်အမှတ်ပေးပြိုင်ပွဲရာသီပိတ်ပွဲစဉ်များကို မေ ၂ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားပြီးနောက် ပြီးဆုံး သွားခဲ့ပြီ ဖြစ်သည်။ ရာသီပိတ်ချိန်တွင် နည်းပြလမ်းပတ်၏ ကိုဗင်ထရီအသင်းက ရမှတ် ၉၅ မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး အမှတ်ပေး ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

 

အမှတ်ပေးဖလား ဆွတ်ခူးနိုင်ခဲ့သော ကိုဗင်ထရီအသင်းနှင့် အဆင့် (၂) တွင် ရပ်တည်နိုင်ခဲ့သော အစ်ဆွစ်အသင်းတို့သည် ပရီမီယာလိဂ်သို့ တိုက်ရိုက်တက်လှမ်းခွင့် ရရှိခဲ့သည်။

 

မီဝေါလ်၊ ဆောက်သမ်တန်၊ မစ်ဒယ်ဘရော့နှင့် ဟားလ်စီးတီးအသင်းတို့သည် ပရီမီယာလိဂ် လက်ကျန်တန်းတက်ခွင့် တစ်နေရာအတွက် ရှုံးထွက်ယှဉ်ပြိုင်ကစားခွင့်ရရှိခဲ့သည်။

 

ရမှတ်အနည်းဆုံး စုဆောင်းနိုင်ခဲ့သည့် အော့စ်ဖို့ဒ်ယူနိုက်တက်၊ လက်စတာနှင့် ရှက်ဖီးလ်အသင်းတို့သည် လိဂ်ဝမ်းသို့ တန်း ဆင်းခဲ့ရသည်။ ရာသီပြီးဆုံးချိန်တွင် ဆွမ်ဆီး အသင်းတိုက်စစ်ကစားသမား ဇန်ဗီပေါ့သ် နစ်ခ်က ၂၃ ဂိုးသွင်းယူကာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

 

ဂိုးအပြတ်ဆုံး အိမ်ကွင်းနိုင်ပွဲအဖြစ် ဩဂုတ် ၂၃ ရက်တွင် ကိုဗင်ထရီက ကျူပီအာရ်ကို ခုနစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့ သော ပွဲစဉ်မှတ်တမ်းဝင်ခဲ့သည်။ ထို့အပြင် ဂိုးအပြတ်ဆုံး အဝေးကွင်းနိုင်ပွဲအဖြစ် အောက်တိုဘာ ၄ ရက်တွင် ကိုဗင်ထရီက ရှက်ဖီးကို ငါးဂိုးပြတ် အနိုင်ရရှိသော ပွဲစဉ်၊ ဇန်နဝါရီ ၂၀ ရက်တွင် နော့ဝှစ်ချ်က ဝက်စ် ဘရွန်းကို ငါးဂိုးပြတ် အနိုင်ရရှိသော ပွဲစဉ်၊ ဇန်နဝါရီ ၃၀ ရက်တွင် ဒါဘီက ဘရစ္စတိုးလ် ကို ငါးဂိုးပြတ် အနိုင်ရရှိသော ပွဲစဉ်များ မှတ်တမ်းဝင်ခဲ့သည်။

 

ဆောက်သမ်တန်အသင်းက ခုနစ်ပွဲ ဆက်တိုက်နိုင်ပွဲရယူပြီး အကြာဆုံး နိုင်ပွဲဆက်ရရှိမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့အပြင် ရှုံးပွဲမရှိအကြာဆုံးအသင်းအဖြစ် ဆောက်သမ်တန်အသင်းက ၁၉ ပွဲအထိ မရှုံးနိမ့်အောင်ကစားပြီး မှတ်တမ်း ဝင်ခဲ့သည်။