မန်ယူက လီဗာပူးကို အနိုင်ယူပြီး လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိ

 

 

ပရီမီယာလိဂ်ပွဲစဉ် (၃၅)မှ စိတ်ဝင်စားဖွယ်ရာ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်သည့် နာမည်ကြီးမန်ယူနှင့် လီဗာပူးအသင်း ပွဲစဉ်ကို မေ ၃ ရက် ညပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူ အသင်းက အကြိတ်အနယ်ကစားပြီးသုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။

 

လီဗာပူးအသင်းသည် နှစ်ဂိုး သို့မဟုတ် နှစ်ဂိုး အထက် ခွင့်ပြုပေးရသည့် ပရီမီယာလိဂ်ပွဲ ၁၆ ပွဲ အထိရှိလာပြီး ၂၀၁၃-၂၀၁၄ ခုနှစ်က အများဆုံး ခွင့်ပြုပေးခဲ့ရသည့် ၁၆ ကြိမ်နှင့် တူညီသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် လီဗာပူးအသင်းသည် ပွဲကစား ချိန် ၁၄ မိနစ်အတွင်း နှစ်ဂိုးခွင့်ပြုပေးခဲ့ရခြင်းမှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ဝုဖ်အသင်းကို ၁၂ မိနစ် အတွင်း နှစ်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက်ပိုင်း အမြန်ဆုံးခွင့်ပြုပေးခဲ့ရမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

 

မန်ယူအသင်းအတွက် သွင်းဂိုးများကို ကွန်ညာ၊ ရှက်ကိုနှင့် မိုင်နူးတို့က သွင်းယူပေးခဲ့သည်။ လီဗာပူး အသင်းအတွက် သွင်းဂိုးများကို ဆဘော့ဆလိုင်း နှင့် ဂတ်ပိုတို့က သွင်းယူပေးခဲ့သည်။

 

မန်ယူအသင်းသည် ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့သောကြောင့် ရမှတ် ၆၄ မှတ်ဖြင့် လာမည့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့ပြီ ဖြစ်သည်။

 

အစောပိုင်းယှဉ်ပြိုင်ကစားခဲ့သည့် ဘုန်းမောက်နှင့် ခရစ္စတယ်ပဲလေ့စ်အသင်းပွဲစဉ်တွင် ဘုန်းမောက် အသင်းက သုံးဂိုးပြတ် နိုင်ပွဲရရှိခဲ့သည်။

အောင်ဇော်