ရန်ကုန် ဧပြီ ၂၇
တရုတ်နိုင်ငံ ဆန်ညာမြို့တွင် ကျင်းပသည့် (၆)ကြိမ်မြောက် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ တက်ဂ်ဘောပြိုင်ပွဲပြီးဆုံးခဲ့ပြီး ကြေးတံဆိပ် သုံးခုရ မြန်မာတက်ဂ်ဘောအသင်း ဆုလက်ခံရယူ သည်။
ဧပြီ ၂၇ ရက်တွင် တက်ဂ်ဘောပြိုင်ပွဲအမျိုးအစား သုံးမျိုး၏ ဗိုလ်လုပွဲ ပွဲစဉ်များကျင်းပခဲ့ပြီး အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ထိုင်းအသင်းက မြောက်ကိုရီးယားအသင်းကို နှစ်ပွဲပြတ်၊ အမျိုးသားနှစ်ယောက် တွဲပြိုင်ပွဲတွင် ထိုင်းအသင်းက အီရတ်အသင်းကို နှစ်ပွဲတစ်ပွဲ၊ အမျိုးသား+ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ထိုင်းအသင်းက မြောက်ကိုရီးယားအသင်းကို နှစ်ပွဲပြတ် အနိုင်ရရှိပြီး ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့သည်။ မြန်မာအသင်းသည် ပြိုင်ပွဲအမျိုးအစား သုံးမျိုးစလုံးတွင် ကြေးတံဆိပ်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲအပြီးတွင် အမျိုးသားနှစ်ယောက်တွဲ ပြိုင်ပွဲ၌ ထိုင်းအသင်းက ရွှေတံဆိပ်၊ အီရတ်အသင်းက ငွေတံဆိပ်၊ မြန်မာအသင်းနှင့် လက်ဘနွန်အသင်းက ပူးတွဲကြေးတံဆိပ်၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ မြောက်ကိုရီးယား အသင်းက ငွေတံဆိပ်၊ မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်းက ပူးတွဲကြေးတံဆိပ်၊ အမျိုးသမီး+အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ မြောက်ကိုရီးယားအသင်းက ငွေတံဆိပ်၊ မြန်မာအသင်းနှင့် အိမ်ရှင် တရုတ်အသင်းတို့က ပူးတွဲကြေးတံဆိပ်ရရှိ သည်။
မြန်မာနိုင်ငံတွင် တက်ဂ်ဘောအားကစားနည်းကို ပြီးခဲ့သည့် နှစ်က စတင်မိတ်ဆက်ခဲ့ပြီး ထိုင်းနိုင်ငံ က အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည့် (၃၃) ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခု ရရှိသည်။ မြန်မာတက်ဂ်ဘောအသင်းသည် အာရှအဆင့်ပြိုင်ပွဲ တွင် ပထမဆုံးယှဉ်ပြိုင်ရသော်လည်း ပြိုင်ပွဲတစ်လျှောက် စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့ပြီး ချီးကျူးအသိအမှတ်ပြုခံခဲ့ရကြောင်း သိရသည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MTF