ရန်ကုန် ဧပြီ ၂၃
မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ရာသီအတွက် နည်းပြချုပ် နေရာ စတင်ပြောင်းလဲခဲ့ပြီး ဂျပန်နည်းပြနှင့် လမ်းခွဲပြီးနောက် အာဂျင်တီးနားနည်းပြကို ပြောင်းလဲ ခန့်အပ်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီဝက်တွင် စတင်တာဝန်ယူခဲ့သည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ဟောင်းဖြစ်သူ ဂျပန်နိုင်ငံသားယုကီတက်ဆုရိုနှင့် နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းကြောင်း ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန် ပြီးနောက် နည်းပြချုပ်အသစ်အဖြစ် အာဂျင်တီးနားနိုင်ငံသား ဂျူအန်မာဆယ်လိုဆီရီလီကို ခန့်အပ်ကြောင်း ညပိုင်းတွင် သတင်းထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယုကီသည် ၎င်းလက်ထက် တွင် ရန်ကုန်ယူနိုက်တက်အသင်းကို အမှတ်ပေးပွဲ ၁၁ ပွဲ ကိုင်တွယ်ရာ ၁၀ ပွဲနိုင်၊ တစ်ပွဲသရေ၊ ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ရာသီကုန်တွင် ချန်ပီယံဆုနှင့် လွဲချော်ပြီး ဒုတိယ နေရာသာရခဲ့သဖြင့် လမ်းခွဲခဲ့ရခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ်သစ်ဖြစ်လာသူ မာဆယ်လိုဆီရီလီသည် MNL ကလပ် ဇေယျာရွှေမြေအသင်းတွင် လာရောက်ကစားဖူးသူဖြစ်ပြီး နည်းပြဘဝတွင် အာဂျင်တီးနား၊ အင်ဒိုနီးရှား၊ ဘိုလစ်ဗီးယား၊ အီကွေဒေါကလပ်အသင်းများကို ကိုင်တွယ်ခဲ့သူဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-YUFC