နေပြည်တော် ဧပြီ ၁၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတ အဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး H.E.Mr.Kirti Vardhan Singh ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော် သမ္မတ၏ ဧည့်ဆောင်တော်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေတို့ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဌာနဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr. Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် ဦးစွာအိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီက နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ထံ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာအား နိုင်ငံတော်သမ္မတထံ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက လက်ရောက်ပေးအပ်သည်။
ထို့နောက် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အနေဖြင့် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူလျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား နယ်နိမိတ်များ ထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံအကြား ရှည်လျား ခိုင်မာသည့် သံတမန်ဆက်ဆံရေးရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက် ခိုင်မာလျက်ရှိမှု အခြေအနေများ၊ ကုန်သွယ်ရေးကဏ္ဍတွင် ရူပီးနှင့် ကျပ်ငွေတို့အား တိုက်ရိုက်ပေးချေ နိုင်ရေး သဘောတူညီပြီးဖြစ်သဖြင့် ကုန်သွယ်မှုများ တိုးတက်အောင်ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအား အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသ ကုန်သွယ်မှုများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် သမ္မတနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး တို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်



