နေပြည်တော် မတ် ၁
၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပခဲ့မှုနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ် သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင် နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဦးဇော်ဝင်း၊ ဒေါက်တာအေးထွန်း နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဖိတ်ကြား ထားသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ အလားတူ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားကိုလည်း ခမ်းနားစွာကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် ခြင်း၊ ညှိနှိုင်းဆွေးနွေးပေါင်းစပ် ဆောင်ရွက်ခြင်းနှင့် အခမ်းအနားကျင်းပခြင်းတို့ကို ဆောင်ရွက်ကြရ ကြောင်း၊ ထိုသို့ ဆောင်ရွက်ကြရာတွင် အားသာချက် နှင့် အားနည်းချက်များရှိပါကြောင်း၊ အားသာချက်များ ကို သင်ခန်းစာယူ၍ အလားတူ အခမ်းအနားများ ကျင်းပရာတွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက် သွားကြရမည်ဖြစ်ပြီး အားနည်းချက်များကို ပြုပြင် ကာ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် တွေ့ကြုံခဲ့ကြရသည့် အခက်အခဲများနှင့် နောင် ကျင်းပမည့် အခမ်းအနားများအတွက် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးရန်ရှိသည်များကို သိရှိနိုင် ရန် ယခုကဲ့သို့သော ပြန်လည်သုံးသပ်သည့် ညှိနှိုင်း အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် (၇၅)နှစ်မြောက် လွတ်လပ်ရေး နေ့သည် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်ပြီး ထူးခြား သည့် နေ့တစ်နေ့ဖြစ်သည့်အတွက် ယခုနှစ်တွေ့ကြုံ ခဲ့ကြရသည့် အားသာချက်နှင့် အားနည်းချက်များကို အခြေခံလေ့လာ၍ ခမ်းနားစွာကျင်းပနိုင်ရန် ကြိုတင် စီမံပြင်ဆင်ဆောင်ရွက်ထားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဖြည့်စွက်ဆွေးနွေး
ထို့နောက် နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲစစ်ရေးပြဆပ်ကော်မတီ၊ နိုင်ငံတော် အလံအလေးပြုပွဲအခမ်းအနားကျင်းပရေး၊ ပြင်ဆင် ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၊ လွတ်လပ်ရေး နေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးဆပ်ကော်မတီ၊ မီးရှူးမီးပန်းများပစ်ဖောက်ရေး ဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ လွတ်လပ်ရေးနေ့ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ အားကစားပြိုင်ပွဲများကျင်းပရေးဆပ်ကော်မတီနှင့် စာရင်းစစ်ဆေးရေး ဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။
နိဂုံးချုပ်အမှာစကားပြောကြား
ယင်းနောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်



