တောင်သူလယ်သမားများ မျိုးကောင်းမျိုးသန့်များ အပြည့်အဝသုံးစွဲစိုက်ပျိုးပြီး   ဝင်ငွေတိုးတက်စေရေးအတွက် သီးနှံအလိုက် မျိုးသန့်မျိုးစေ့များထုတ်လုပ်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

 

  ၂၀၂၂ ခုနှစ်၊ မတ်လ  ၂  ရက်
 

ချစ်ခင်လေးစားရပါသော လယ်ယာစီးပွားလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူ သူ တောင်သူလယ်သမားကြီးများ ခင်ဗျား-
နိုင်ငံတော်တစ်ဝန်းလုံးရှိ လယ်ယာစီးပွားလုပ်ငန်းရှင် တောင်သူ လယ်သမားများကို    အလေးအနက်ဂုဏ်ပြုသတ်မှတ်ထားသည့် တောင်သူလယ်သမားနေ့ ရက်မြတ်အချိန်အခါတွင် လယ်ယာစီးပွား လုပ်ငန်းများနှင့် တောင်သူလယ်သမားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပါ စေကြောင်း  ဆုမွန်ကောင်းတောင်းလျက်  နှုတ်ခွန်းဆက်သအပ်ပါ သည်။
မြန်မာနိုင်ငံသည်   လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ်   ပုဂံခေတ် မတိုင်မီမှစ၍ ယနေ့ထက်တိုင် နှစ်ပေါင်းထောင်ချီ ရပ်တည်လာခဲ့ပြီး မြန်မာနိုင်ငံသားအများစုမှာ တောင်သူလယ်သမားများ သို့မဟုတ် လယ်ယာစီးပွားရေးကို အမှီပြု၍ အသက်မွေးဝမ်းကျောင်းလုပ်ကိုင် နေကြသူများဖြစ်ပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ကျေးလက်ဒေသတွင် နေထိုင်ပြီး လယ်ယာလုပ်ငန်းဖြင့် အသက်မွေး ကြသူများဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွက် အဓိကအရေးပါသူ များဖြစ်ပါသည်။

တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံစေရေးနှင့် အဓိကဝင်ငွေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြသူများ ဖြစ်သဖြင့် ကျေးဇူးရှင်တောင်သူဦးကြီးများဟုပင် မြန်မာနိုင်ငံသား အားလုံးက တင်စားပြောဆိုခဲ့ကြပြီး  နှစ်စဉ်   မတ်လ  (၂)  ရက်နေ့ကို တောင်သူ လယ်သမားနေ့အဖြစ် ဂုဏ်ယူသတ်မှတ်ပေးခဲ့ကြပါသည်။ 
ယနေ့အချိန်ကာလတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအ​နေဖြင့် နိုင်ငံသာယာဝပြောမှု ရှိစေရန်၊ စားရေရိက္ခာပေါများပြီး နိုင်ငံသူ၊ နိုင်ငံသားများအားလုံး စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝစွာရရှိစေရန် ဦးစားပေးလုပ်ဆောင် လျက်ရှိပါသည်။ နိုင်ငံတော်၏ အခြေခံစီးပွားရေးဖြစ်သော လယ်ယာ ကဏ္ဍနှင့်  စပ်လျဉ်း၍  စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာဘေးကင်းလုံခြုံမှုရှိစေရေးတို့ကို တွန်းအားပေးဆောင် ရွက်လျက်ရှိသကဲ့သို့   ပြည်သူများ၏  နေ့စဉ်စားနပ်ရိက္ခာအတွက် တာဝန်ယူထုတ်လုပ်ပေးလျက်ရှိကြသော လယ်ယာစီးပွားလုပ်ငန်းရှင် စိုက်ပျိုးမွေးမြူသူ  တောင်သူလယ်သမားများ၏  လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာရေးကိုလည်း အလေးထား ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိပါသည်။
၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးကဏ္ဍ အသီးသီး၏ ကုန်ထုတ်လုပ်မှုတွင် အဟန့်အတားများစွာ ဖြစ်ပေါ်ခဲ့ သော်လည်း အဓိကစားနပ်ရိက္ခာများ ထုတ်လုပ်မှုတွင် မူလအတိုင်း ထုတ်လုပ်နိုင်ခဲ့သည့်အတွက်   လယ်ယာသားငါးကဏ္ဍ  ထုတ်လုပ်မှု အရှိန်အဟုန်မကျဘဲ တိုးတက်မှုနှုန်း( ၁ )ရာခိုင်နှုန်း ရရှိခဲ့ပါသည်။
လယ်ယာသားငါးကဏ္ဍအနေဖြင့်    ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)တွင် ၂၂ ဒသမ ၇ ရာခိုင်နှုန်း နှင့် ပြည်ပပို့ကုန်တင်ပို့မှုတန်ဖိုး၏ ၃၅ ဒသမ ၁ ရာခိုင်နှုန်း ဖြည့်ဆည်း ပေးနိုင်ခဲ့ပါသည်။ 
စပါးစိုက်ပျိုးထုတ်လုပ်မှုတွင်  မိုးစပါးစိုက်ဧက  ၁၅ ဒသမ ၀၁ သန်း စိုက်ပျိုးခဲ့ပြီး အထွက်တင်းသန်းပေါင်း ၁၀၅၃ ဒသမ ၇၃ တင်း ထွက်ရှိခဲ့ပါသည်။  ယခင်နှစ်ကာလတူနှင့်  နှိုင်းယှဉ်ပါက  စိုက်ဧက (၈၁,၃၄၃)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး အထွက်တင်း သန်းပေါင်း ၂ ဒသမ ၆၈ တင်း ပိုမိုထုတ်လုပ်နိုင်ခဲ့ပါသည်။ ပဲမျိုးစုံစိုက်ဧက ၉ ဒသမ ၆၃ သန်း  စိုက်ပျိုးခဲ့ပြီး  အထွက်တင်း  သန်းပေါင်း ၂၄ ဒသမ ၁၆ တင်း၊ ဆီထွက်သီးနှံစိုက်ဧက ၇ ဒသမ ၃၇ သန်းနှင့် အထွက်တင်း သန်းပေါင်း ၉၆ ဒသမ ၂၂ တင်း၊ အစေ့ထုတ်ပြောင်းစိုက်ဧက ၁ ဒသမ ၄၉ သန်း ဖြစ်ပြီး အထွက်တင်း သန်းပေါင်း ၇၉ ဒသမ ၆၅ တင်းထွက်ရှိခဲ့ပါသည်။
အသား၊ ဥ၊ နို့ထုတ်လုပ်မှုအနေဖြင့် အသားပိဿာ ၆၂၄ ဒသမ ၁၂ သန်း၊ ဥအလုံးရေ ၃၀၆၁ ဒသမ ၄၄ သန်း၊ နို့ပိဿာ ၁၁၇၂ ဒသမ ၂၂ သန်း ထုတ်လုပ်နိုင်ခဲ့ပါသည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက အသား ပိဿာ ၅၂ ဒသမ ၂၅ သန်း၊ ဥအလုံးရေ ၃၈၇ ဒသမ ၀၁ သန်း နှင့် နို့ပိဿာ ၂၄ ဒသမ ၅၃ သန်း  တိုးတက်ထုတ်လုပ်နိုင်ခဲ့ပါသည်။ ရေထွက်ပစ္စည်းများထုတ်လုပ်မှုတွင်    ရေချိုငါး/ပုစွန်မှ     တန်ချိန် ၂ ဒသမ ၇ သန်း၊ ရေငန်မှ တန်ချိန် ၃ ဒသမ ၂ သန်း စုစုပေါင်းတန်ချိန် ၅ ဒသမ ၉သန်း ထွက်ရှိခဲ့ပါသည်။ 
လယ်ယာသားငါး အဓိကထွက်ကုန်များ ပြည်ပသို့ တင်ပို့မှုအနေ ဖြင့် ဆန်နှင့်  ဆန်ကွဲတန်ချိန်  ၁  ဒသမ  ၆၆ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၇၈ ဒသမ ၉၄ သန်း၊ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၇၅ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၃၂၄ ဒသမ ၂၇ သန်း၊ ပြောင်းတန်ချိန် ၂ ဒသမ ၅၄ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၄၀ ဒသမ ၁ သန်း၊ နှမ်းတန်ချိန် ၀ ဒသမ ၁၈ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ  ၂၃၆   ဒသမ  ၃၃ သန်း၊   ရော်ဘာစိမ်းတန်ချိန် ၀ ဒသမ ၂၄ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၅၈ ဒသမ ၁၁ သန်းနှင့်  ရေထွက်ပစ္စည်းတန်ချိန် ၀ ဒသမ ၅၁ သန်း တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၆၃ သန်း အသီးသီးတင်ပို့နိုင်ခဲ့  ပါသည်။ 
ကိုဗစ်-၁၉  ကပ်ရောဂါကြောင့်  ပြည်တွင်း/ ပြည်ပကုန်သွယ်မှု ကန့်သတ်ချက်များရှိနေသည့်ကြားမှ ပုံမှန်အခြေအနေမဟုတ်သော် လည်း ပြည်ပတင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်မှ အမေရိကန် ဒေါ်လာ ၃၆၅၀ ဒသမ ၂၈ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းမှ အမေရိကန် ဒေါ်လာ ၅ ဒသမ ၅၁ သန်းနှင့် ရေထွက်ပစ္စည်းမှ အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၆၃ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၃၆၁ ဒသမ ၄၂ သန်းကို တင်ပို့နိုင်ခဲ့ပါသည်။ 
စိုက်ပျိုးမွေးမြူထုတ်လုပ်သူ တောင်သူလယ်သမားများနှင့်တကွ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ပါဝင်သူများအားလုံးအနေဖြင့် ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားနေသည့်ကာလအတွင်း မှာပင် ထုတ်လုပ်မှုများ မလျော့ကျစေရန်၊ ပြည်သူများ စားနပ်ရိက္ခာ  ဖူလုံစေရန်နှင့် ပြည်ပပို့ကုန်မကျဆင်းစေရန် အခက်အခဲများကြားမှ အချိတ်အဆက်မိမိ  အားထုတ်ကြိုးပမ်းခဲ့မှုများအားလုံးနှင့်  အထူး သဖြင့် စီးပွားရေးလုပ်ငန်းရှင် စိတ်ဓာတ်အပြည့်အဝဖြင့် စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိကြသော တောင်သူလယ်သမားကြီးများကို အလေးအနက်ဂုဏ်ပြုပါသည်။ 
ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများ ခင်ဗျား-
နိုင်ငံတော်အနေဖြင့်   ပြောင်းလဲလာသည့်  ရာသီဥတုနှင့်အညီ ရေကို အကျိုးရှိရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ရေလိုအပ်ချက် နည်းသော   သီးနှံများ၊   ရေကြီးနစ်မြုပ်မှုဒဏ်ခံသီးနှံနှင့်  ရောဂါနှင့် ပိုးမွှားဒဏ်ခံနိုင်သောသီးနှံများ   ပြောင်းလဲစိုက်ပျိုးခြင်း၊  ဒေသနှင့် ကိုက်ညီသောသီးနှံနှင့် သီးနှံပုံစံများပြောင်းလဲစိုက်ပျိုးခြင်း၊ ရေကို ချွေတာသုံးစွဲနိုင်သည့် ခေတ်မီရေသွင်းစနစ်များ အသုံးပြုစိုက်ပျိုးစေ ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။  ထို့ပြင်  စက်မှု လယ်ယာကူးပြောင်းနိုင်ရေးအတွက် အဆင့်မြင့်လယ်ယာမြေကွက် များ၊   လယ်ကြားလမ်းနှင့်  ရေသွင်းရေထုတ်မြောင်းများ ဖော်ထုတ် ပေးခြင်း၊ အပူပိုင်းဇုန်ဒေသများတွင် နေရောင်ခြည် စွမ်းအင်သုံးရေတင် လုပ်ငန်း(Solar  Pumping  System)များ  ဆောင်ရွက်ပေးခြင်း၊ ရေစုကန်၊  ရေလှောင်ကန်များ  ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူ လယ်သမားများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံမှ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။
အလားတူပင် တောင်သူလယ်သမားများ မျိုးကောင်းမျိုးသန့်များ အပြည့်အဝသုံးစွဲစိုက်ပျိုးပြီး  ဝင်ငွေတိုးတက်စေရေးအတွက်  သီးနှံ အလိုက် မျိုးသန့်မျိုးစေ့များထုတ်လုပ်ခြင်းကို ဆောင်ရွက်ပေးလျက် ရှိသည့်အပြင်   တောင်သူများ   ကျယ်ကျယ်ပြန့်ပြန့်  သိရှိနားလည် အသုံးပြုနိုင်စေရေးအတွက် ၂၀၁၉ ခုနှစ်မှစ၍ မျိုးစေ့ပြပွဲများကိုလည်း နှစ်စဉ်စီစဉ်ပြသဆောင်ရွက်ပေးလျက်ရှိပါသည်။ ဆက်လက်၍လည်း ပြည်နယ်/တိုင်းဒေသကြီးများအလိုက်      နှစ်စဉ်မျိုးစေ့ပြပွဲများ ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အလားတူ ကျွဲ၊ နွား၊ သိုး၊ ဆိတ်နှင့် တိရစ္ဆာန် ပြပွဲပြိုင်ပွဲများကိုလည်း နှစ်စဉ်ကျင်းပပေး လျက်ရှိပါသည်။
ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရေး၊ ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ် နှင့် တိုင်းဒေသကြီးအသီးသီး၌ (၂)လက်မအရွယ် ငါး/ပုစွန်သားပေါက် ကောင်ရေ ၁၄၀ ဒသမ ၆၅ သန်းအား ငါးမျိုးစိုက်ထည့်နိုင်ခဲ့ပါသည်။ ပုဂ္ဂလိကကဏ္ဍမှလည်း ငါးသားပေါက် (ငါးမှုန်ငါးသန်) သန်း ၉၆၆ ဒသမ ၈၇ ကို ထုတ်လုပ်ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။
စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ သယ်ယူပို့ဆောင်မှု လွယ်ကူ လျင်မြန်စေရန် ကျေးလက်ကုန်ထုတ်လမ်းစုစုပေါင်း (၁၁၈၆/၀.၂)မိုင်၊ ကုန်ထုတ်တံတား(၁၇၂၀)ခု ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးရွာပေါင်း (၁၄၆၉)နှင့် စိုက်ပျိုးမွေးမြူရေးဧက (၇.၈၆)သိန်းကို အကျိုးပြုစေခဲ့   ပါသည်။ ကျေးလက်ဒေသ မီးလင်းရေးအတွက် ကျေးရွာပေါင်း (၁၀၁) ရွာ၊ အိမ်ခြေ(၁၀၂၇၈)အား ဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ သောက်သုံးရေ လုံလောက် စွာရရှိရေးအတွက် စက်ရေတွင်း၊ လက်တူးတွင်း၊ မြေသားရေကန်၊ စိမ့်စမ်းရေသွယ်၊ မိုးရေလှောင်ကန် စသည့်ရေရရှိရေးလုပ်ငန်းပေါင်း (၅၂၆၈)ခုကို အိမ်ခြေ ၇ ဒသမ ၂ သိန်း၊ လူဦးရေ ၃ ဒသမ ၅ သန်း အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် တောင်သူလယ်သမားများ၏ သီးနှံများ   ထိခိုက်ပျက်စီးမှုများအား  ထိန်းသိမ်းကာကွယ်နိုင်ရန် သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်  ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါသည်။ 
တစ်ဖက်တွင် သစ်တောပြုန်းတီးမှု ကာကွယ်ထိန်းသိမ်းခြင်းနှင့် မြေဆီလွှာထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရမည့်အပြင် ရေရှည် စိုက်ပျိုးနိုင်ပြီး မြေဆီလွှာအရည်အသွေး တိုးတက်မြင့်မားလာစေမည့် သဘာဝမြေဩဇာများ တိုးတက်အသုံးပြုခြင်းအပါအဝင် သီးနှံစိုက်ပျိုး နည်းစနစ်များကိုလည်း ပြောင်းလဲကျင့်သုံးသွားရမည်ဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အရ  သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါက စားနပ်ရိက္ခာမလုံလောက်မှုအန္တရာယ်မှ ကျော်လွှားနိုင် ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းအားကောင်းရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့များပူးပေါင်း၍ အရန်မျိုးစေ့များစုဆောင်းထားရှိခြင်း၊ ရန်ပုံငွေများ လျာထားသတ်မှတ်ခြင်း၊ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် ခြင်း၊ သီးနှံပျက်စီး ဧရိယာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အသင့်ဖြစ်စေရန် ဆောင်ရွက်လျက်ရှိပါသည်။ 
တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးကို     အထောက်အကူဖြစ်စေရန်   အကျိုးတူကန်ထရိုက် လယ်ယာစနစ်ကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်၏ လက်ရှိ ပြဋ္ဌာန်းထားသော လိုက်နာဆောင်ရွက်သင့်သော နည်းလမ်းများနှင့် ညီညွတ်စေရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် သက်ဆိုင်ရာ ဌာနများ ပေါင်းစပ်ညှိနှိုင်း၍ ကူညီဆောင်ရွက်ပေးရန်နှင့် လယ်ယာ ထွက်ကုန်များ၏ ဈေးကွက်နှင့် ဈေးနှုန်းတို့ကို အာမခံပေးနိုင်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပူးပေါင်း ဆောင်ရွက်မှုစွမ်းအားကိုလည်း ရယူဆောင်ရွက်သွားရမည်ဖြစ်ပါသည်။               
တောင်သူလယ်သမားများ၏    လူမှုစီးပွားဘဝအခြေအနေ မြင့်တက်လာစေရန် မြေပြုပြင်စိုက်ပျိုးသည်မှ   ဈေးကွက်သို့  တင်ပို့ ရောင်းချသည်အထိ   ထုတ်လုပ်မှုကွင်းဆက်  (Supply  Chain) တစ်လျှောက် ပါဝင်ပတ်သက်သူများ အချင်းချင်းအကြား ယုံကြည်မှု များ တည်ဆောက်ပြီး ပေါင်းစပ်ဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။ 
တောင်သူလယ်သမားများ၏   အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ၂၀၁၉ ခုနှစ်မှစ၍ နှစ်စဉ်အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းသတ်မှတ်ပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာ များအား တောင်သူများ သင့်လျော်သည့်ဈေးနှုန်းဖြင့် အရစ်ကျဝယ်ယူ နိုင်ရေး  ဆောင်ရွက်ပေးခြင်း၊    သီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ကိုဗစ်ကပ်ရောဂါ ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုကုစားရေးအတွက် တောင်သူ လယ်သမားများ ရင်းနှီးမြှုပ်နှံနိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေ ၁၉၂၆ ဒသမ ၆၁ ဘီလီယံကျပ်၊ JICA နှင့် မြန်မာ့စီးပွားရေးဘဏ်၏ နှစ်ဆင့် ချေးငွေ(Two Step Loan) ၁၈၂ ဒသမ ၁၉ ဘီလီယံကျပ်၊ ကိုဗစ်-၁၉ အထူးချေးငွေ ၄၂၁ ဒသမ ၂၉ ဘီလီယံကျပ် စုစုပေါင်း ၂၅၃၀ ဒသမ ၀၉ ဘီလီယံကျပ် ထုတ်ချေးပေးထားပြီးဖြစ်ပါသည်။
ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများ ခင်ဗျား-
ပြည်တွင်းနှင့် နိုင်ငံတကာစျေးကွက်များတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားနပ်ရိက္ခာများ ထုတ်လုပ်နိုင်ရေး အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ  (Good Agricultural Practices-GAP )၊  ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ် (Good Animal Husbandry Practices-GAHP)၊ ကောင်းမွန် သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်( Good Aquaculture Practices-GAqP )တို့နှင့်အညီ      စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်ရန်အတွက် တောင်သူလယ်သမားများသို့ ပညာပေးလျက်ရှိပါသည်။ 
သီးနှံသားငါးများထုတ်လုပ်မှု     တိုးတက်ရေးအတွက်သာမက စားသုံးသူပြည်သူများ၏   အစားအစာလုံခြုံစိတ်ချရမှုရှိရေး (Food Safety)နှင့် လယ်ယာထုတ်ကုန်များ နိုင်ငံတကာစျေးကွက် ယှဉ်ပြိုင် နိုင်ရေးအတွက် အခြေခံအုတ်မြစ်ကောင်းများ အခိုင်အမာတည်ဆောက် ပေးနေခြင်းဖြစ်ပါသည်။
သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အခြေခံလိုအပ် ချက်ဖြစ်သော  ခေတ်မီစိုက်ပျိုးနည်းပညာများ၊  ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များနှင့် စျေးကွက်ဆိုင်ရာ သတင်းအချက် အလက်များကို   အချိန်နှင့်တစ်ပြေးညီ   မိုဘိုင်းဖုန်းများမှတစ်ဆင့် ကြည့်ရှုရယူအသုံးပြုနိုင်ရေး   ဒစ်ဂျစ်တယ်နည်းပညာဖြင့်  အသုံးချ ဖြန့်ဝေပေးခြင်း၊ ပညာပေးစာစောင်နှင့် ဂျာနယ်များ၊ သတင်းများ ထုတ်ပြန်ဖြန့်ဝေခြင်းအပြင်   လယ်ယာကဏ္ဍဆိုင်ရာ  သတင်းများ၊ ပညာပေးနှင့်ဖြေဖျော်ရေး အစီအစဉ်များ စသည့်ကဏ္ဍစုံပါဝင်သော “တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်း   (Farmer   Channel)” ထုတ်လွှင့်ပေးလျက်ရှိပါသည်။ ထို့အပြင် တောင်သူလယ်သမားများ လယ်ယာကဏ္ဍ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါသည်။
နိဂုံးချုပ်အားဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း လယ်ယာ စီးပွားလုပ်ငန်းရှင်စိတ်ဓာတ်  အပြည့်အဝဖြင့်  ဇွဲလုံ့လအားစိုက်ပြီး ထုတ်လုပ်မှုတည်ငြိမ်အောင် ကြိုးပမ်းဆောင်ရွက်ပေးနေသော စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းရှင် တောင်သူလယ်သမားများအား အထူး ကျေးဇူးတင်ရှိပါသည်။ 
မြေသယံဇာတ၊ ရေသယံဇာတပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် တောင်သူလယ်သမားများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ စက်ကိရိယာနှင့် နည်းပညာများအား မိမိ၏အတွေ့အကြုံ၊ လုံ့လဝီရိယဖြင့် ပေါင်းစပ် ဆောင်ရွက်ပါက လူမှုစီးပွားဘဝ ဧကန်မလွဲ တိုးတက်လာမည်ဖြစ်ရာ “ဆင်းရဲလို့ လယ်လုပ်”ဆိုသည့်ဆိုစကားကို ပယ်ဖျက်နိုင်မည်ဖြစ်ပါ သည်။ 
 သို့ဖြစ်ရာ လယ်ယာစီးပွားလုပ်ငန်းရှင် တောင်သူလယ်သမားတို့၏ ပေါင်းစည်းအင်အားဖြင့်၊ လယ်ယာကဏ္ဍအပါအဝင် နိုင်ငံတော်၏ အမျိုးသားရေးအကျိုးစီးပွား  ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို  အရှိန် အဟုန်မြှင့်တင်၍ ဆောင်ရွက်နိုင်ရန်အတွက် တွေ့ကြုံရမည့် စိန်ခေါ်မှု များ၊ အတားအဆီးများနှင့် အခက်အခဲမှန်သမျှတို့ကို ပူးပေါင်းရင်ဆိုင် ဖြေရှင်းလျက် သာယာဝပြောသည့် ဒီမိုကရေစီနိုင်ငံတော် တည်ထောင် ရေးကို တက်ညီလက်ညီ အားလုံးလက်တွဲကြိုးပမ်းကြပါစို့ဟု အလေး အနက် တိုက်တွန်းအပ်ပါသည်။


        ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
        နိုင်ငံတော်ဝန်ကြီးချုပ်
        ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ