နေပြည်တော် ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာမြင့်နိုင် အပေါ် လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် အဂတိလိုက်စားမှု ကျူးလွန်ကြောင်း တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး စစ်ဆေး တွေ့ရှိချက်အရ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင် သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံး လုပ်နည်း စည်းကမ်းများဖောက်ဖျက်သဖြင့် တင်ဒါ ကြမ်းခင်းဈေးနှုန်းများ သတင်းပေါက်ကြားပြီး တင်ဒါ တန်ဖိုး ငွေကျပ်သန်းပေါင်း ၂၀၀၀၀ ကျော်ရှိသည့် လုပ်ငန်း ၆၆ ခုမှာ မူလကြမ်းခင်းဈေးအတိုင်း တင်ဒါ အောင်မြင်ခဲ့ကြသည့်အပေါ် နိုင်ငံတော်အတွက် သက်သာခွင့်ရရှိမည့် ငွေကြေးများ ဆုံးရှုံးနစ်နာခဲ့ခြင်း။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေ ဖြင့် ဆောင်ရွက်မည့် တင်ဒါခေါ်ယူရာတွင် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးဦး၏ ကိုယ်ရေး အရာရှိဖြစ်သူ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေလင်း လှိုင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဦးမြတ်သန့်စင်တို့အား တင်ဒါလုပ်ငန်း အချက်အလက်များအတွက် ငွေကြေးရယူ ဆောင်ရွက် မှုတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အရ အရေးယူဆောင်ရွက်ခြင်းမပြုနိုင်ရန် စုံစမ်း စစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်အစီရင်ခံစာအား ဖုံးကွယ်၊ ဖျောက်ဖျက်ခြင်းများ ပြုလုပ်ခဲ့ခြင်း။
မုံရွာမြို့နယ်၊ လယ်တီရပ်ကွက်အတွင်းရှိ စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာနပိုင် အင်းမြေ စုစုပေါင်း ၅ ဒသမ ၇၈ ဧကအား နိုင်ငံတော် ပိုင်မြေ ဖြစ်ကြောင်း သိလျက်နှင့် ငွေကြေးရယူကာ တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် လူပုဂ္ဂိုလ်တစ်ဦးသို့ အခြားနည်း သုံးစွဲခွင့် ခွင့်ပြုခဲ့သဖြင့် နိုင်ငံတော်ပိုင်မြေ ၅ ဒသမ ၇၈ ဧက၏ ကာလတန်ဖိုး ငွေကျပ်သိန်း ၈၆၇၀ နစ်နာဆုံးရှုံးခဲ့ခြင်း။
မုံရွာမြို့ရှိ လုပ်ငန်းဆက်စပ်သည့် ကုမ္ပဏီပိုင်ရှင် တစ်ဦးထံမှ ငွေကျပ်သိန်း ၁၁၀ တန်ဖိုးရှိ Hijet အမျိုးအစား မော်တော်ယာဉ်တစ်စီးအား ၎င်းကိုယ် တိုင် ဦးစီးဖွင့်လှစ်ထားသည့် ဂေဟာအဆောက်အဦ တွင် အသုံးပြုရန်အတွက် တောင်းခံ လှူဒါန်းစေခဲ့ခြင်း၊ ဂေဟာနှင့် တစ်ဆက်တည်းရှိနေသော မြေဧက ၂ ဒသမ ၈၅ ဧကပေါ်တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီ၏ ခွင့်ပြုချက် တစ်စုံတစ်ရာ ရရှိခြင်းမရှိသေးဘဲ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဂေဟာမှူးအိမ်အဖြစ် ဆောက်လုပ် အသုံးပြုထားသည့်အတွက် နိုင်ငံတော်ပိုင်မြေ ၂ ဒသမ ၈၅ ဧက ဆုံးရှုံးနစ်နာခဲ့ခြင်း။
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်သည် မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများကို လိုက်နာရန်နှင့် ကြီးကြပ်ဆောင်ရွက်ရန် ပျက်ကွက် ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အတွင်း ခွင့်ပြုချထားပေးသည့် ရွှေသတ္တုလုပ်ကွက် များအနက် အသေးစားလုပ်ကွက် ၂၄၃ ကွက်နှင့် လက်လုပ်လက်စား လုပ်ကွက် ၄၇ ကွက်တို့အတွက် တိုင်းဒေသကြီးဘဏ္ဍာစာရင်းသို့ ကြိုတင်ပေးသွင်းရ မည့် အခွန်အခများကို ကောက်ခံခြင်းမပြုဘဲ လုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့သဖြင့် နိုင်ငံတော်ကရရှိမည့် အခွန် ငွေ ငွေကျပ်သိန်း ၂၉၀၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်း တို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မြင့်နိုင် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၅၅ အရ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် မေ ၁၇ ရက်၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှု အမှတ် ၁/၂၀၂၁ မှ ၇/၂၀၂၁ အထိ အမှုခုနစ်မှုဖြင့် လက်ခံ စစ်ဆေးခဲ့သည်။
အဆိုပါ အမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်က ယနေ့ တွင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်ကို ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၂၁ မှ ၇/၂၀၂၁ အထိတို့ အတွက် အမှုတစ်မှုလျှင် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်စီဖြင့် စုစုပေါင်းအမှု ခုနစ်မှုအတွက် အလုပ်နှင့် ထောင်ဒဏ် ၂၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် မှ သိရသည်။ သတင်းစဉ်



