ပေကျင်းနှင့် ရှန်ဟိုင်းမြို့အကြား မျိုးဆက်သစ်ကျည်ဆန်ရထား ခုတ်မောင်းပြီ

 
 
ပေကျင်း ဇွန် ၂၆
 
တရုတ်နိုင်ငံ၏  မျိုးဆက်သစ် မြန်နှုန်းမြင့် ကျည်ဆန်ရထားသစ်ကို ဇွန် ၂၆ ရက်တွင် မြို့တော်ပေကျင်းနှင့်  ရှန်ဟိုင်းမြို့အကြား ပထမဆုံးအကြိမ်အဖြစ် ခုတ်မောင်းပြေးဆွဲသည်။
 
စီအာရ်-၄ဝဝ အေအက်ဖ် အမျိုးအစား ကျည်ဆန်ရထားသည်  မြို့တော်  ပေကျင်း တောင်ပိုင်း ဘူတာရုံမှ ဇွန် ၂၆ ရက် နံနက် ၁၁ နာရီ ၅ မိနစ်တွင် ရှန်ဟိုင်းသို့ စတင် ထွက်ခွာခဲ့သည်။ 
 
တစ်ချိန်တည်းမှာပင်   ရှန်ဟိုင်းမြို့ ဟောင်ကျောက်ဘူတာရုံမှ  စီအာရ်  ၄ဝဝ အေအက်ဖ် အမျိုးအစားတူ ကျည်ဆန်ရထား တစ်စင်းက  ပေကျင်းသို့  စတင်ထွက်ခွာခဲ့ သည်။ ယခုခုတ်မောင်းပြေးဆွဲမည့် ကျည်ဆန် ရထားသစ်များမှာ လျှပ်စစ်စွမ်းအင်သုံးတွဲဆိုင်း များ(အီးအမ်ယူ)ဟု လူသိများပြီး တစ်နာရီလျှင် ကီလိုမီတာ ၄ဝဝ အမြန်နှုန်းဖြင့် ခုတ်မောင်း နိုင်ကြောင်း၊ တစ်နာရီလျှင် ကီလိုမီတာ ၃၅ဝ နှုန်းဖြင့် အဆက်မပြတ်ခုတ်မောင်းနိုင်ကြောင်း သိရသည်။
 
ယင်းကျည်ဆန်ရထားသစ်များကို တရုတ် နိုင်ငံ၌  ပုံစံရေးဆွဲတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကျည်ဆန်ရထားအမျိုးအစားသစ်တွင် ခေတ်မီစောင့်ကြည့်မှတ်တမ်းတင်စနစ်ပါရှိပြီး ယင်းစနစ်က ရထား၏ စွမ်းဆောင်ရည်ကို အမြဲမပြတ် စစ်ဆေးကာ အရေးပေါ်အခြေ အနေနှင့် ပုံမှန်မဟုတ်သော အခြေအနေတို့ တွင် အလိုအလျောက် အရှိန်လျှော့ချပေးနိုင်မည် ဖြစ်သည်။  
 
ရထားတွင် တပ်ဆင်ထားသည့် အဝေးထိန်းသတင်းအချက်အလက်  ထုတ်လွှင့်ရေး စနစ်ပါရှိသဖြင့် ထိန်းချုပ်ရေးစခန်းက ရထားခုတ်မောင်းမှုကို အခါမလပ် စောင့်ကြည့်နိုင်မည်ဖြစ်သည်။ 
 
-- ရထားလမ်းကွန်ရက် --
 
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အရှည် လျားဆုံးရထားလမ်းကွန်ရက်ကို တည်ဆောက် ထားသည်။ ၂ဝ၁၆ ခုနှစ်ကုန်တွင် ရထားလမ်း ကွန်ရက် ကီလိုမီတာ ၂၂ဝဝဝ ရှိခဲ့ပြီး ကမ္ဘာ့ ရထားလမ်းကွန်ရက်များ၏ ၆ဝ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။
 
ရှန်ဟိုင်းနှင့် မြို့တော်ပေကျင်းကို ဆက်သွယ်သော ရထားလမ်းသည် တရုတ်နိုင်ငံတွင် ရထားစီး ခရီးသည်အများဆုံး သွားလာသည့် လမ်းဖြစ်ပြီး နေ့စဉ် ခရီးသွားဦးရေ ၅ဝ၅ဝဝဝ တို့ကို ပို့ဆောင်ပေးလျက်ရှိသည်။ 
 
ဆင်ဟွာ။  
Featured News: