Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော် ဩဂုတ် ၂၇

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင်  နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၏ ပန်းတောင်းမြို့နယ်၊ ရွာသာယာ အုပ်စုရှိ ဖိုးဦးတောင်စေတီတော် သာသနာမြေသည် ကျဉ်းမြောင်းနေပါသဖြင့်  မူလဧရိယာ သတ်မှတ်ချက်အတိုင်းဖြစ်အောင် ပြန်လည်စိစစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက   ဖိုးဦးတောင်စေတီတော် တည်ရှိရာ တောင်တော်နှင့် ဘုန်းတော်ကြီးကျောင်းများ တည်ရှိရာ မြေနေရာများ၊ စောင်းတန်း ဧရိယာနှင့် တောင်စောင်းမြေနေရာများဖြစ်သည့် မြေလွတ် မြေရိုင်း ၁၁၂ ဧက ကျော်အား သာသနာ့ မြေအဖြစ် သတ်မှတ်လိုပါက ပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများ၏ သဘောထားထောက်ခံ ချက်များ၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်၊ သက်ဆိုင်ရာဌာန များ၏ ထောက်ခံချက် ဖိုးဦး တောင်တော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ သဘောထားထောက်ခံချက် များဖြင့် ဖိုးဦးတောင်စေတီတော် ဂေါပကအဖွဲ့က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီသို့ လျှောက်ထားသွားရန် လိုအပ်ပါကြောင်း ရှင်းလင်းဖြေ ကြားသည်။

ဝိုင်းမော် မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံး၏ ဝိုင်းမော်မြို့နယ်၊ အမှတ်(၄) ရပ်ကွက်အတွင်းရှိ သချိုင်းဟောင်းမြေနေရာကို နိုင်ငံတော်အစိုးရပိုင် မြေအဖြစ် ပြန်လည်သိမ်းယူရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က  အဆိုပါ သုသာန်မြေနေရာဟောင်းအား ကွင်းဆင်း စိစစ် ရေးအဖွဲ့၏ ကွင်းဆင်းတိုင်းတာချက်အရ လက်ရှိမြေပြင်တွင် ခြံဝင်းခတ်ထားသည့် စုစုပေါင်း ဧရိယာမှာ ၇ဒသမ ၁၇ ဧက ဖြစ်ကြောင်း စိစစ် တွေ့ရှိရပြီး နှစ် ၃၀ မြေငှား ဂရန်ရရှိခဲ့သည့် မြေဧရိယာ မှာ ၄ ဒသမ ၉၂ ဧကသာဖြစ်သည့်အတွက် ပိုမိုရယူ အသုံးပြုထားသည့် မြေဧရိယာ ၂ ဒသမ ၂၅ ဧကအား အများပြည်သူ အသုံးပြုနိုင်ရေး အတွက် ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း  ရှင်းလင်းဖြေကြား သည်။

လှည်းကူး မဲဆန္ဒနယ်မှ ဦးသိန်းတန်၏ ရပ်ကွက်၊ ကျေးရွာအုပ်စုနေ ပြည်သူလူထုများက အုပ်ချုပ် ရေးမှူးကို တိုက်ရိုက်ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ကို  ပြင်ဆင်ပြဋ္ဌာန်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်မြင့်က ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို မရွေးချယ်မီ ပြည်သူ လူထုမှ ရပ်ကွက် သို့မဟုတ်  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို တိုက်ရိုက်ရွေးချယ်သည့် စနစ်ကို ပြောင်းလဲကျင့်သုံးမည်ဆိုပါက  အဆိုပြုရွေးချယ်မှု စနစ်အရ အုပ်ချုပ်ရေးမှူးလောင်း အမည်စာရင်း တင်သွင်းသူများစွာ ရှိလာနိုင်သဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၅ ပါ အရည်အချင်းများနှင့် ကိုက်ညီမှုရှိ၊ မရှိ စိစစ်ရမည့် ကာလရှည်ကြာ လာနိုင်ခြင်း၊ ကိုယ်စားလှယ် လောင်းများ များပြားလာခြင်းနှင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ ပြားလာခြင်း၊ မဲလက်မှတ်များ၊ မဲရုံများ၊ မဲရုံမှူးများ၊ မဲလက်မှတ် ထုတ်ပေးသူများနှင့် မဲလက်မှတ်စစ်ဆေးသူများကို  သတ်မှတ်ရွေးချယ်ရ မည်ဖြစ်ခြင်းတို့ကြောင့် လုပ်ငန်းစဉ်များပြားခြင်း၊ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို တာဝန်ယူ ဆောင်ရွက်ရမည့် လူအင်အားနှင့် ရွေးချယ်ရမည့် လုပ်ငန်းစဉ် ပမာဏမျှတမှုမရှိ၍ လုပ်ငန်းဆောင်ရွက်ရာတွင် အားနည်းချက်များ ဖြစ်ပေါ်လာ နိုင်ပါကြောင်း၊

ထို့ပြင် အဆိုပြုရွေးချယ်မှုစနစ်အရ ရွေးချယ်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို ပီပြင်စွာ အကောင်အထည်ဖော်ရာတွင် ရွေးကောက်ပွဲကျင်းပသကဲ့သို့ ဆောင်ရွက်ရ မည် ဖြစ်သဖြင့် နိုင်ငံတော်အတွက် မလိုလားအပ်သည့် ကုန်ကျစရိတ်များ တိုးမြင့်လာနိုင်ခြင်း၊ အဆိုပြုရွေး ချယ်မှုစနစ်အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်သည့် လုပ်ငန်း စဉ်ပြီးစီးမှသာ  ဆယ်အိမ်မှူး၊  ရာအိမ်မှူး ရွေးချယ်မည်ဆိုပါက ပြည်သူလူထုစိတ်ဝင်စားမှု အားနည်း၍ ရွေးချယ်ရေး လုပ်ငန်းစဉ် များ ပြီးပြတ်မှုမရှိဘဲ အခက်အခဲများ ဖြစ်ပေါ်လာနိုင်ခြင်းနှင့် အဆိုပြု ရွေးချယ်မှုစနစ်အရ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ရွေးချယ်ရာတွင် ရွေးချယ်ပြီးသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးမှ ဝင်ရောက်စွက်ဖက်မှု၊ မလျော်ဩဇာ သုံးမှုစသော အဂတိမကင်းသည့်  လုပ်ဆောင်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း စသည်တို့ ကြုံတွေ့နိုင် သည့်အပြင် အခြားသော  အခက်အခဲ များလည်း ကြုံတွေ့နိုင်ပါသဖြင့်  မူလဥပဒေ အတိုင်းသာ ဆက်လက်ကျင့်သုံး ဆောင်ရွက်သင့် ပါကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာ၊ အုပ်စု အုပ်ချုပ်ရေးဥပဒေအား ပြင်ဆင်ပြဋ္ဌာန်းရန် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။

အလားတူ ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး၏ ပျော်ဘွယ်မြို့နယ်၊ အမှတ်(၈) အထည် စက်ရုံရှိ ဝန်ထမ်းများအတွက် ဆရာဝန် ၁ ဦးခန့်ထားပေးရန် နှင့် လစဉ်လိုအပ်သော ဆေးဝါးများ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ၊ မရှိ  မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင် ဟိန်းကလည်းကောင်း၊ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၏ ပြည်ပရောက် အလုပ်သမားများမှ ပြည်ပတွင် မွေးဖွားခဲ့သော ကလေး သူငယ်များကို အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) ထဲသို့ ဖြည့်သွင်းနိုင်ရန် မည်သို့ဆောင်ရွက် ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က လည်းကောင်း၊ နန်းယွန်း မဲဆန္ဒနယ်မှ ဦးဝမ်းလှ ၏ နန်းယွန်းမြို့နယ်အတွင်းရှိ လက်ရှိပြည်ထဲရေး အမည်ပေါက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု များအပါအဝင် ကျေးရွာ ၁၆ ရွာရှိ ဒေသခံပြည်သူများ၏ သဘောဆန္ဒနှင့်အညီ ဒေသအသုံးအနှုန်း အတိုင်း ကျေးရွာအမည်မှန် ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်ကလည်းကောင်း ရှင်းလင်း ဖြေကြားကြသည်။

ဆက်လက်၍ ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၏ စစ်တွေမြို့၊ အထွေထွေ ရောဂါကု ဆေးရုံကြီး (ခုတင်-၅၀၀) တွင် လိုအပ်နေသော မျက်စိအထူးကု၊ နှလုံးအထူးကု၊ ကင်ဆာ အထူးကု ဆရာဝန်များနှင့် ကုသရေးဆိုင်ရာ ကိရိယာများကို အမြန်ဆုံး ဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ခန္တီးမဲဆန္ဒနယ်မှ ဦးအောင်သန်းစိန်၏ ခန္တီးမြို့နယ်၊ တိုက်တီးကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများကို ဆက်လက်ဆောက် လုပ်ခြင်းမရှိသည့် ကုမ္ပဏီနှင့် လုပ်ငန်းတည်ဆောက်မှု  ၅၀ ရာခိုင်နှုန်းပြီး စီးခြင်းမရှိဘဲ ထောက်ခံပေးသည့် မြို့နယ် အဖွဲ့အစည်းအသီးသီးကို မည်သို့အရေးယူ ဆောင်ရွက်မည်နှင့် ယင်းအဆောက်အဦများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ပြည် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၏ ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်အောက်ရှိ မှော်ဇာကျေးလက်ကျန်းမာရေးဌာနအား မှော်ဇာနှင့် အင်ကြင်းမြောင် ကျေးလက် ကျန်းမာရေးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုး၏ လူ၊ တိရစ္ဆာန်တို့၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးတို့ ပူးပေါင်းဆက်နွှယ်နေသည့် တစ်ခုတည်းသော ကျန်းမာရေး “One Health” ဖော်ဆောင် နိုင်ရေးအတွက် နိုင်ငံတော်အဆင့် မဟာဗျူဟာ (National Strategic Plan) ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ဦးအာမိုးဆီ၏ ခေါင်လန်ဖူးမြို့နယ်အတွင်း အရေးကြီးပြီး မရှိမဖြစ်လိုအပ်သည့် ကျေးလက် ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန် မေးခွန်းနှင့် ပတ်သက်၍  ဝန်ကြီးဌာနမှ ကျေးရွာအမည်များ လွဲမှားစွာ ဖြေကြားလာမှုကို သိလိုခြင်းနှင့် ထလားလော်ကျေးရွာ၊ ဇီးထန်ကျေးရွာ၊ ရှီးထန်ကျေးရွာ၊ ရှီးလန်ဒမ်းကျေးရွာနှင့် အဘွန်ထန်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ရှင်းလင်းဖြေကြားသည်။

ထို့နောက် မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း တင်သွင်းသည့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်သည့် COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်နှင့် စီးပွားရေးဂယက် ရိုက်ခတ်မှုသည် ကြီးမားပြင်ထန်ခြင်းကြောင့် မြန်မာနိုင်ငံအတွင်း Micro Finance  လုပ်ငန်း လုပ်ကိုင်သော ကုမ္ပဏီများမှ ငွေကြေးချေးယူထားသော ပြည်သူများက ပုံမှန်ပြန်လည်ပေးသွင်း နေရသော ချေးငွေများအား ကိုဗစ်ကို ရင်ဆိုင်တွန်းလှန်နေသည့် ကာလ (Response  Period) အတွင်း အတိုးနှုန်းကင်းလွတ်ပေးခြင်း သို့မဟုတ် ၅၀ ရာခိုင်နှုန်းအထ ိလျှော့ချပေးနိုင်ရန်  Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ သို့မဟုတ် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ Micro Finance လုပ်ငန်း လုပ်ကိုင်နေ သော ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရန် အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်းက အသေးစားငွေရေးကြေးရေး လုပ်ငန်းသည် ကမ္ဘာနှင့် တဝန်း သိသာထင်ရှားလာသည့် ကိစ္စဖြစ်ပါကြောင်း၊ အထူးသဖြင့် ပုံမှန်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု များပေးနေသည့် အဖွဲ့အစည်းများနှင့် အခြေခံလူ တန်းစားများ၊ တောင်သူလယ်သမားများအပြင် ဝင်ငွေနည်းသည့် ပြည်သူများအတွက် ယင်းငွေကြေးဝန် ဆောင်မှုလုပ်ငန်းသည် လွန်စွာအရေးပါ သည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ COVID-19 ကပ်ရောဂါကြောင့်  မြန်မာ့စီးပွားရေးလုပ်ငန်းများ ထိခိုက် နစ်နာမှုများသည် တစ်နိုင်ငံလုံးအတွက် လုံလောက်သော ကုစားရေးအစီအစဉ်များ လုပ်ဆောင်ရန် အခက်အခဲများရှိနေသည့်အတွက်  Micro Finance လုပ်ငန်းလုပ်ကိုင်နေသော ကုမ္ပဏီများမှ ငွေကြေးချေးယူထားသော ပြည်သူများလည်း အပါဝင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိခိုက်မှု နည်းနိုင်သမျှ နည်းပါးစေရေးအတွက် နိုင်ငံတော် အစိုးရက ဖော်ဆောင်ပေးနေသည့် လုပ်ငန်းများ၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် ချေးငွေပြန်လည်ပေးသွင်းခြင်းကို ကာလတစ်ခုအထိ ရပ်နားထားသင့်ကြောင်းနှင့် အတိုးနှုန်းထားကိုလည်း ပြန်လည်ထူထောင်ရေး ကာလတစ်ခုအတွင်း ကင်းလွတ်ခွင့်ပေးခြင်း သို့မဟုတ် ၅၀ ရာခိုင်နှုန်းအထိ လျှော့ချကောက်ခံပေးသင့် ပါသောကြောင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ဆက်လက်၍  မိုင်းပန် မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး၊ ဖာပွန် မဲဆန္ဒနယ်မှ ဦးထွန်းမြအောင်(ခ) ဦးစောထွန်းမြအောင်၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ တပ်မတော်သားကိုယ်စားလှယ်  ဒုတိယဗိုလ်မှူးကြီး ရဲထွန်းနိုင်နှင့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးသိန်းထွန်းတို့က ဆွေးနွေးကြသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက COVID – 19 ကာလအတွင်း ကမ္ဘာ့နိုင်ငံများရှိ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ၏ တုံ့ပြန်ဆောင်ရွက်မှုအခြေအနေ လေ့လာခဲ့ရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အသင်းဝင်များ၏ ချေးငွေပြန်လည်ပေးဆပ်မှုကို ရွှေ့ဆိုင်းနိုင်ရန် သက်ဆိုင်ရာနိုင်ငံများက လည်ပတ်မတည်ငွေရင်း ကူညီဖြည့်တင်းပေးခြင်း၊ အသေး စားငွေရေးကြေးရေး အဖွဲ့အစည်းများက ဘဏ်များမှ ချေးယူထားသည့် ချေးငွေများကို ပေးဆပ်ရန်ကာလရွှေ့ဆိုင်းပေးခြင်း၊ ချေးငွေ ဆုံးရှုံးမှု လျာထားချက် (Loan Loss Provision) သတ်မှတ်ချက်များအား ဖြေလျှော့ပေးခြင်း၊ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများအား ချေးငွေပိုမိုရယူနိုင်ရန် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း စသည့်နည်းလမ်းများကိုသာ ကျင့်သုံးကြပြီး စည်းမျဉ်းချမှတ်သူ၊ ကြီးကြပ်ကွပ်ကဲသူအနေဖြင့် အတိုးနှုန်း ပယ်ဖျက်ပေးရန် သို့မဟုတ် အတိုးနှုန်း လျှော့ချပေးရန် ဆောင်ရွက်ခြင်းမျိုး မတွေ့ရပါ ကြောင်း။

ယင်းသို့ဆောင်ရွက်ခြင်းသည် အသေးစားငွေရေး ကြေးရေး လုပ်ငန်းကဏ္ဍ တစ်ခုလုံးအပေါ် ထိခိုက်မှုရှိနိုင်ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပရှိ ရင်းနှီးမြှုပ်နှံသူများ၊ ပြည်တွင်း၊ ပြည်ပရှိ ချေးငွေ ထုတ်ချေးသည့် အဖွဲ့အစည်းများက မြန်မာနိုင်ငံ၏ စည်းမျဉ်းဥပဒေ ခိုင်မာစွာ ကျင့်သုံးနိုင်မှုအပေါ် သံသယဖြစ်ပေါ်စေပြီး အဖွဲ့အစည်းနှင့် အသင်းဝင်အကြား အပြန်အလှန် ယုံကြည်မှုကိုလည်း ထိခိုက်စေမည်ဖြစ်ပါကြောင်း။

ထို့ပြင် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများအနေဖြင့် လွတ်လပ်သော ပုဂ္ဂလိက ငွေရေး ကြေးရေးအဖွဲ့အစည်းများဖြစ်ပြီး  ဝင်ငွေနည်းပြည်သူများနှင့် အသေးစားနှင့် အငယ်စားစီးပွားရေး လုပ်ငန်းများအတွက် လိုအပ်သည့်ရင်းနှီးငွေကို ၎င်းတို့၏ ကိုယ်ပိုင်မ တည်ရင်းနှီးငွေများဖြင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ ဖြစ်ပါကြောင်း၊ ယင်း တို့၏ လုပ်ငန်းဆောင်ရွက်မှု နည်းလမ်းအရ ၎င်းတို့နှင့် ငွေချေးယူသူတို့အကြား သဘော တူညီထား သော ချေးငွေစနစ်၊ ချေးငွေသက်တမ်းကာလ၊ အတိုးနှုန်းသတ်မှတ်ချက် စသည်များကို အစိုးရ အနေဖြင့် တိုက်ရိုက်ဝင်ရောက်စွက်ဖက်ရန် မသင့်ပါကြောင်း၊ ချေးငွေလျော်ပစ်ခြင်း၊ အတိုးလျှော့ပေါ့ခြင်း စသည့်အချက်များနှင့် ပတ်သက်၍ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ၏ ဆုံးဖြတ်လုပ်ပိုင်ခွင့် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီမှုအသင်းမှ တစ်ဆင့်အသေး စားငွေရေးကြေးရေး အဖွဲ့အစည်း (MFI) များအနေဖြင့်  အသင်း ဝင်များနှင့် ညှိနှိုင်းဆောင်ရွက်ကြရန် ညွှန်ကြားချက် ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန အနေဖြင့် COVID-19 ဖြစ်ပွားစဉ် ကာလအတွင်း အသင်းဝင်များက ချေးယူထားသည့် ချေးငွေအပေါ် အတိုးနှုန်း ပယ်ဖျက်ခြင်း/ လျှော့ချခြင်း လုပ်ငန်း များကို တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ဘဲ  အသေးစားငွေ ရေးကြေးရေး အဖွဲ့အစည်း များက ၎င်းတို့၏ လုပ်ငန်း ဆိုင်ရာမူဝါဒနှင့်အညီ အသင်းဝင်များ၏ အခက်အခဲအပေါ် မူတည်၍ ညှိနှိုင်း ဆောင်ရွက်စေခဲ့ပါကြောင်း၊ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း များ၏ လုပ်ငန်းဆောင်ရွက်မှုကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာ ကြပ်မတ်ကွပ်ကဲ သွားမည်ဖြစ်ပြီး ငွေရေး ကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန အနေဖြင့် အသေးစားငွေရေး ကြေးရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသော ကြောင့် အဆိုအား မှတ်တမ်း အဖြစ်သာ ထားရှိသင့်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက  အဆိုရှင်၏ သဘောထားမေးမြန်းရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

ဆက်လက်၍  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဆိုရှင် သဘောကွဲလွဲ သည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရန် မတ်တပ်ရပ် ဆန္ဒပြုသည့် နည်းလမ်းဖြင့်ဆောင်ရွက်ရာ ထောက်ခံဆန္ဒပြုသူ ၁၂၅ ဦး၊ ကန့်ကွက်ဆန္ဒပြုသူ ၂၂၀ ဖြစ်၍ ကန့်ကွက်သည့်ကိုယ်စားလှယ် ဦးရေကများသည့်အတွက် အဆိုအား လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေးကာလအတွင်းတွင် ကြယ်ပွင့်ပြမေးခွန်း ၁၀၇ ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့် မပြမေးခွန်း ၃၃၈ ခု ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း၊  အရေးကြီးအဆို ၁ ခု အပါအဝင် အဆို ၁၃ ခု တင်သွင်းခဲ့ပြီး အတည်ပြုအဆို ၅ ခု၊ မှတ်တမ်းတင်အဆို ၃ ခု၊ လက်ခံဆွေးနွေးရန်မရှိ အဆို ၁ ခုနှင့် ဆက်လက်ဆွေး နွေးရန် ကျန်ရှိအဆို ၄ ခုတို့ဖြစ်ကြပါကြောင်း၊  ဆွေးနွေးဆောင်ရွက် ခဲ့သည့် ဥပဒေကြမ်း ၂၀ ခု ရှိပြီး ဥပဒေကြမ်း ၈ ခုကို အတည်ပြုနိုင်ခဲ့ပါကြောင်း၊ ဆက်လက် ဆောင်ရွက်ရန် ဥပဒေကြမ်း ၁၂ ခု ကျန်ရှိပါကြောင်း။

ယခုအစည်းအဝေးကာလအတွင်း တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ဦး ကတိသစ္စာပြုခြင်း၊ လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့၏ သက်တမ်း တိုးမြှင့် ခြင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ ဦးတို့အား ကော်မတီများတွင် အဖွဲ့ဝင်များအဖြစ် အစားထိုးလဲလှယ်ဖွဲ့စည်းခြင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ၃ ဦးအား ကော်မတီများတွင် လေ့လာသူများအဖြစ် အစားထိုးလဲလှယ် တာဝန်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊  ထို့ပြင် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၏ ပဋိဇီ၀ဆေးများဝယ်ယူ ထောက်ပံ့ ဖြန့်ဖြူးရေး စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ စုံစမ်းလေ့လာမှု အစီရင်ခံစာ ကိုလည်း အတည်ပြုနိုင်ခဲ့ပါကြောင်း၊ သုတေသနဆိုင်ရာ ဆောင်ရွက်ချက်များ အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များ၏ တစ်ဦးချင်း စုံစမ်းမေးမြန်းမှု ၈ ခု ပြန်ကြားပေးခြင်းနှင့် သုတေသနစာတမ်းတို ၁၇ ခုကို ဖြန့်ဝေနိုင်ခဲ့ပါကြောင်း။

မိမိတို့နိုင်ငံသည် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မကြာမီကာလ တွင် ကျင်းပတော့မည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ အခြေခံရေသောက်မြစ် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အုတ်မြစ်ခိုင်မာရန်နှင့် ပိုမိုအားကောင်းစေရန်အတွက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ပြည်သူများ ကလည်း စည်းကမ်းနှင့်အညီ မပျက်မကွက် ဆန္ဒမဲပေးကြရန် တိုက်တွန်းအပ်ပါ ကြောင်း၊  လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း  မိမိတို့မဲဆန္ဒနယ်မြေ အသီးသီးတွင် ရွေးကောက်ပွဲဥပဒေနှင့်အညီ တရားသောနည်းဖြင့် ယှဉ်ပြိုင်အနိုင်ယူပြီး ပြည်သူ့အကျိုး၊ တိုင်းပြည် အကျိုးကို ဆက်လက်ထမ်းပိုးဆောင်ရွက် သွားကြရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက  ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။

အေးအေးသန့်(သတင်းစဉ်)