သမိုင်းကြောင်း

မြန်မာ့ရုပ်ရှင်လုပ်ငန်းသမိုင်း

        ပြန်ကြားရေးဝန်ကြီးဌာန ၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းသည် ၁၉၄၅ ခုနှစ်မှစ၍ ''Field Publicy" အမည်ဖြင့် ''ရုပ်ရှင်လုပ်ငန်း" ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၅ ခုနှစ်တွင် လုပ်ငန်း လိုအပ်ချက် အရ ''နိုင်ငံတော်ရုပ်ရှင် လုပ်ငန်းမြှင့်တင်ရေးအဖွဲ့" ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ''ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့''ကို ဖွဲ့စည်းခဲ့ ပါသည်။ ၁၉၆၄ ခုနှစ်တွင် ''နိုင်ငံခြားရုပ်ရှင် ကားတင်သွင်းရေး အေဂျင်စီ" ကို မြန်မာ့ရုပ်ရှင်လုပ်ငန်း ကွပ်ကဲမှု ဆောက်ရှိ ဌာနခွဲများအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနက တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။၁၉၆၈ ခုနှစ် ၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ပုဂ္ဂလိကရုပ်ရှင်ရုံများအနက် ရုပ်ရှင်ရုံ (၁၈၁)ရုံကို ပြည်သူပိုင်သိမ်းဆည်းခဲ့ပါသည်။ အဆိုပါ ရုပ်ရှင်ရုံများကို ကွပ်ကဲအုပ်ချုပ်ရန် ပြန်ကြားရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်၌ (၁−၇−၁၉၇၀) ရက်နေ့တွင် ''ရုပ်ရှင်ကော်ပိုရေးရှင်" ဟု အမည်သတ်မှတ်ဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံတော်ငြိပ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ တာဝန် ယူသည့်အချိန်တွင် ''ရုပ်ရှင်ကော်ပိုရေးရှင်း" ကို "ရုပ်ရှင်လုပ်ငန်း" အမည်သို့ ပြောင်းလဲသတ်မှတ် ခဲ့ပြီး (၉−၇−၁၉၉၇) ရက်နေ့တွင် ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး (၂၆/၉၇)၏ သဘော တူညီချက်အရ ''မြန်မာ့ရုပ်ရှင်လုပ်ငန်း" အမည်သို့ အတည်ပြုပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။ မြန်မာ့ရုပ်ရှင်လုပ်ငန်းကို အောက်ပါဌာနများဖြင့် ဖွဲ့စည်းထားပါသည် −

ရုပ်ရှင်ဆင်ဆာအဖွဲ့

        ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသသည့်လုပ်ငန်းကို ၁၉၁၀ ခုနှစ်အချိန်မှ စတင်ခဲ့သည်။ မြန်မာ ပြည်သည် ထိုစဉ်အခါက အိန္ဒိယ၏လက်အောက်ခံ ပြည်နယ်တစ်ခုဖြစ်ပြီး ဗြိတိသျှအစိုးရက အသိ အမှတ်ပြုထားသောကြောင့် ရုပ်ရှင်ကားများမှာလည်း အိန္ဒိယပြည်မှတစ်ဆင့် ယူဆောင်ပြသကြရာ အိန္ဒိယအစိုးရ ရုပ်ရှင်စစ်ဆေးရေးဆင်ဆာအဖွဲ့မှ ထုတ်ပေးသောလက်မှတ်နှင့်ပြသခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း ပြည်တွင်းထုတ်လုပ်ရေးလုပ်ငန်းရှင်များ၏ မြန်မာရုပ်ရှင်ဇာတ်ကားကြီး များ ၊ နိုင်ငံခြားရုပ်ရှင်ကားတင်သွင်းသူများမှ တင်သွင်းလာသည့် နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ ကို အများပြည်သူအားပြသနိုင်ရန်အတွက် ရုပ်ရှင်ဇာတ်ကားများ စစ်ဆေးကြည့်ရှုရန် ဒိစတြိတ် တရားသူကြီးမှဖြစ်စေ ၊ ရန်ကုန်မြို့ ပုလိပ်မင်းကြီးမှဖြစ်စေ ကြည့်ရှုစစ်ဆေးပြီး ပြသခွင့်လက်မှတ် များထုတ်ပေးနိုင်သည်ဟု သိရှိရပါသည်။ အစပထမတွင် ပုလိပ်မင်းကြီးတစ်ဦးတည်းကသာ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ရုပ်ရှင်လုပ်ငန်းကို ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ ၁၉၆၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံ ရုပ်ရှင်ဥပဒေကို ရုပ်သိမ်း၍ ၁၉၉၆ ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့တွင် နိုင်ငံတော်ငြိပ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၉/၉၆)ဖြင့်  ရုပ်ရှင်ဥပဒေ (The Motion Picture Law)  ကိုပြဋ္ဌာန်းခဲ့ပါသည်။  ပြဋ္ဌာန်းထားသော ရုပ်ရှင် ဥပဒေကို မှီငြမ်း၍ ၁၉၉၇ ခုနှစ် ၊ ဇူလိုင်လ (၁ရ)ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန မှ အမိန့်ကြော်ငြာစာအမှတ် (၂/၉၇)ဖြင့် ရုပ်ရှင်နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပါသည်။ ရုပ်ရှင်ဥပဒေပါ အခန်း(၄) အပိုဒ် (၁၀)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် အောက်ပါ ပုဂ္ဂိုလ်များပါဝင်သော ရုပ်ရှင်ဆင်ဆာအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည် −

  •            ဦးဆောင်ညွှန်ကြားရေးမှူး                  ဥက္ကဋ္ဌ                           
               မြန်မာ့ရုပ်ရှင်လုပ်ငန်း
  •            သက်ဆိုင်ရာအစိုးရဌာန                    အဖွဲ့ဝင်များ                     
               အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ
  •            သင့်လျော်သော နိုင်ငံသားများ            အဖွဲ့ဝင်များ                    
  •            ညွှန်ကြားရေးမှူး                             အတွင်းရေးမှူး                     
               မြန်မာ့ရုပ်ရှင်လုပ်ငန်း

          ရုပ်ရှင်ဥပဒေပါ ရည်ရွယ်ချက်ကို အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ပြန်ကြားရေးဝန်ကြီးဌာန ၊ ရုပ်ရှင်ဆင်ဆာအဖွဲ့ကို ရုပ်ရှင်ဇာတ်ကားများစစ်ဆေးရာ၌ မှီငြမ်းပြုရမည့် အခြေခံမူများနှင့် စည်းကမ်းချက်များကို ၁၉၈၉ ခုနှစ် ၊ ဇွန်လမှ စ၍ သတ်မှတ်ခဲ့ ပါသည်။ရုပ်ရှင်ဆင်ဆာအဖွဲ့ကို ၁၉၅၂ ခုနှစ်မှ ၁၉၆၂ ခုနှစ်ထိ ရုပ်ရှင်စစ်ဆေးရေးအဖွဲ့အမည်ဖြင့် လည်းကောင်း ၊ ၁၉၆၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့အမည်ဖြင့် လည်းကောင်း၊ ၁၉၆၈ ခုနှစ်မှ ယနေ့အထိ ရုပ်ရှင်ဆင်ဆာအဖွဲ့အမည်ဖြင့်လည်းကောင်း အဆင့်ဆင့် ပြောင်းလဲသတ်မှတ်ဆောင်ရွက်ခဲ့ပါသည်။    ရုပ်ရှင်ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော ရုပ်ရှင် ဆင်ဆာအဖွဲ့သည် ချမှတ်ထားသော ဆင်ဆာမူဝါဒများနှင့်အညီ ရုပ်ရှင်ကားများကို စိစစ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

ဇာတ်လမ်းရုပ်ရှင်ရုံးခွဲ

        ပြန်ကြားရေးဝန်ကြီးဌာန ၊ မြန်မာ့ရုပ်ရှင်လုပ်ငန်း ၊ ဇာတ်လမ်းရုပ်ရှင်ရုံးခွဲသည် (၁−၆−၁၉၅၀) ရက်နေ့တွင် ''ရုပ်ပြဗဟုသုတပြန့်ပွားရေး'' အမည်ဖြင့် စတင်ဖွဲ့စည်းပြီး (၁−၁၀−၁၉၉၅) ရက်နေ့တွင် လုပ်ငန်းလိုအပ်ချက်အရ ''ရုပ်ရှင်မြှင့်တင်ရေးအဖွဲ့" ကိုဖွဲ့စည်းပြီး (၁၆−၃−၁၉၇၂) ရက်နေ့တွင် ''ရုပ်ရှင်မြှင့်တင်ရေးအဖွဲ့" အမည်ဖြင့် သတ်မှတ်တည်ရှိလာခဲ့ပါသည်။

မော်ကွန်းရုပ်ရှင်ရုံးခွဲ

        ပြန်ကြားရေးဝန်ကြီးဌာန ၊ မြန်မာ့ရုပ်ရှင်လုပ်ငန်း ၊ မော်ကွန်းရုပ်ရှင်ရုံးခွဲသည် ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအပြီး စစ်အုပ်ချုပ်ရေးကာလအတွင်း၌ ''Field Publicity" အမည်ဖြင့် စတင် ပေါ်ပေါက်ခဲ့ပါသည်။ ၁၉၄၇ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန ''အစိုးရရုပ်ရှင်နှင့်ပြဇာတ်ဌာန" ဟူ၍ လည်းကောင်း ၊ ၁၉၆၃ ခုနှစ်တွင် ''ရုပ်ရှင်ကော်ပိုရေးရှင်း ၊ မော်ကွန်းရုပ်ရှင်ရုံးခွဲ" အမည်သို့ ပြောင်းလဲခဲ့ပြီး(၉−၇−၉၇) ရက်နေ့တွင် မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ မော်ကွန်းရုပ်ရှင်ရုံးခွဲအမည်ဖြင့် သတင်းမှတ်တမ်းမော်ကွန်းတင် ရိုက်ကူးထုတ်လုပ်ပြသခဲ့သည်မှာ ယနေ့အထိပင် ဖြစ်ပါသည်။