ရုပ်ရှင်ထူးချွန်ဆု

       မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြှင့်တင်ရေးအကဲဖြတ်အဖွဲ့ကို မြန်မာ့ရုပ်ရှင်အဆင့် အတန်းမြင့်မားလာစေရေး ရည်ရွယ်ချက်ဖြင့် ၁၉၅၂ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပါသည်။၁၉၅၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားများကို မြို့တော်ခန်းမ ၊ ရန်ကုန်မြို့ ဝိဇယရုပ်ရှင်ရုံ ၊ ရုပ်ရှင်မြှင့်တင်ရေး ၊ နတ်မောက်လမ်း ၊ စက်မှု လက်မှု အထက်တန်းကျောင်း ၊ ဝင်္ကဘာလမ်း ရုပ်ရှင်ပြဇာတ်အစည်းအရုံး ၊ ရွှေတိဂုံဘုရားလမ်း ဂျူးဗလီဟောဝင်း ၊ မြန်မာ့အသံမြက်ခင်းပြင်နှင့် ယဉ်ကျေးမှုလဟာပြင်ကဇာတ်ရုံတို့တွင် လည်းကောင်း ၊ ၁၉၈၉ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ''နဝဒေး" ရုပ်ရှင်ရုံ ၊ အမျိုးသားကဇာတ်ရုံ ၊ သုဝဏ္ဏအားကစားပြိုင်ပွဲရုံတို့တွင်လည်းကောင်းကျင်းပခဲ့ပြီး ၂၀၀၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားမှစတင်၍ နေပြည်တော်မြို့တော်ခန်းမလဟာပြင်ကဇာတ်ရုံ၌ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားများကို ကျင်းပခဲ့ပြီး ၂၀၁၁ ခုနှစ်အတွက် ချီးမြှင့် သည့် ထူးချွန်ဆုရွေးချယ်ပွဲကို ရန်ကုန်မြို့ ၊ သု၏၀ဏ္ဏအားကစားရုံတွင် ပြန်လည်ကျင်းပခဲ့ပါ သည်။
     ၁၉၅၂ ခုနှစ် နှင့် ၁၉၅၃ ခုနှစ်တို့တွင် ရုပ်ရှင်ထူးချွန်ဆု (၃)မျိုး သတ်မှတ်ချီးမြှင့်ခဲ့ပြီး ထိုဆု (၃)မျိုးမှာ အကောင်းဆုံးဇာတ်ကားဆု ၊ အကောင်းဆုံးအမျိုးသားပညာ သည်ဆုနှင့် အကောင်းဆုံးအမျိုးသမီးပညာသည်ဆုတို့ဖြစ်ပါသည်။ အကောင်းဆုံးဇာတ်ကားဆုကိုပထမ၊ ဒုတိယ ၊ တတိယ ထပ်မံခွဲခြားခဲ့ပြီး အကောင်းဆုံးဇာတ်ကားဆု(ပထမ)အတွက် ရွှေကိန္နရီရုပ် ၊  အကောင်းဆုံးဇာတ်ကားဆု(ဒုတိယ)အတွက် ငွေဒေါင်းရုပ် ၊ အကောင်းဆုံး ဇာတ်ကားဆု(တတိယ)အတွက် ကြေးခြ​င်္သေ့ရုပ်၊ အကောင်းဆုံးအမျိုးသားပညာသည်ဆုနှင့် အကောင်းဆုံး အမျိုးသမီးပညာ သည်ဆုများကို ရွှေရင်ထိုးချီးမြှင့်ခဲ့ပါသည်။၁၉၅၆ ခုနှစ်တွင် ဒါရိုက်တာဆုကို တိုးမြှင့်သတ်မှတ်ချီးမြှင့်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ဇာတ်ကား ထူးချွန်ဆုကို ပထမ ၊ ဒုတိယ  ၊ တတိယမခွဲခြားတော့ဘဲ အကောင်းဆုံးဇာတ်ကားဆု တစ်ဆုတည်း ကို ရွေးချယ်ပြီး ရွှေစင်ကိန္နရီ ရွှေစင်ရုပ်ကို ပြောင်းလဲချီးမြှင့်ခဲ့ပါသည်။

ရွှေကိန္နရီရုပ် ငွေဒေါင်းရုပ် ကြေးခြ​င်္သေ့ရုပ် ရွှေရင်ထိုး ရွှေစင်ကိန္နရီရုပ်

               ၁၉၆၂ ခုနှစ်မှစ၍ အမျိုးသားပညာသည်ဆုနှင့် အမျိုးသမီးပညာသည်ဆုများကို အမျိုးသား ဇာတ်ဆောင်ဆု ၊ အမျိုးသမီးဇာတ်ဆောင်ဆု ၊ အမျိုးသားဇာတ်ပို့ဆု ၊ အမျိုးသမီးဇာတ်ပို့ဆုဟူ၍ ထပ်မံခွဲခြားကာ ထူးချွန်ဆုအရေအတွက်ကို တိုးမြှင့်ချီးမြှင့် ခဲ့ပါသည်။ တပ်မတော်အစိုးရလက်ထက် ၁၉၉၀ ပြည့်နှစ်မှစ၍ ရုပ်ရှင်ဇာတ်ညွှန်းထူးချွန်ဆု ၊ ရုပ်ရှင်တေးဂီတထူးချွန်ဆုနှင့် ရုပ်ရှင်အသံထူးချွန်ဆုတို့ကို တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။  ၁၉၉၁ ခုနှစ်မှစ၍ ရွှေကိန္နရီ ရွှေစင်ရုပ်ထုအပြင် ငွေကျပ် နှစ်သောင်းကိုပါ ချီးမြှင့်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှစ၍ ငွေသားကျပ်နှစ်သောင်းကို ချီးမြှင့်ခြင်းမပြုတော့ဘဲ ရွှေကိန္နရီရုပ်တွင် တပ်ဆင်ထားသောငွေကြယ်အစား ရွှေသားအစစ်ဖြင့်ပြုလုပ်ထားသော ရွှေကြယ်ကို တပ်ဆင် ချီးမြှင့်ခဲ့ပါသည်။ ၁၉၉၄ ခုနှစ်မှစ၍ ရုပ်ရှင် တည်းဖြတ်ထူးချွန်ဆုကို ထပ်မံတိုးမြှင့် သတ်မှတ်ခဲ့ပါသည်။ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ဆုချီးမြှင့်သည့်အခမ်းအနားတွင် ယနေထိ အောက်ပါ ရုပ်ရှင်ထူးချွန်ဆု အမျိုးအစားများအား ချီးမြှင့်လျှက်ရှိပါသည်-

  • ဇာတ်ကားဆု
  • ဒါရိုက်တာဆု
  • အမျိုးသားဇာတ်ဆောင်ဆု
  • အမျိုးသမီးဇာတ်ဆောင်ဆု
  • အမျိုးသားဇာတ်ပို့ဆု
  • အမျိုးသမီးဇာတ်ပို့ဆု
  • ရုပ်ရှင်ဓာတ်ပုံဆု
  •  ရုပ်ရှင်ဇာတ်ညွှန်းဆု
  • ရုပ်ရှင်တေးဂီတဆု
  •  ရုပ်ရှင်အသံဆု
  • ရုပ်ရှင်တည်းဖြတ်ဆု

 

၁၉၅၂ မှ ယနေ့ထိ ရုပ်ရှင်ထူးချွန်ဆု ရရှိသူများ