မိုင်းဖြတ်မြို့နယ်၊ နမ့်လန်းကျေးရွာ၌ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံသစ်ပြန်လည် မွမ်းမံတည်ဆောက်

မိုင်းဖြတ် ဧပြီ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်လန်းကျေးရွာရှိ ကျေးရွာနေပြည်သူများ တည်ထားကိုးကွယ်လျက်ရှိသည့် ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဓမ္မာရုံနှင့် သိမ်တော်တို့အား အသစ်ပြန်လည်တည်ဆောက် မွမ်းမံလျက်ရှိကြောင်းသိရသည်။

ထိုသို့ ဓမ္မာရုံနှင့် သိမ်တော်အသစ်ပြန်လည်တည်ဆောက်မွမ်းမံရာတွင် လောကမေတ္တာထိုင်တော်မူဘုရားကြီး၏ ကျောင်းထိုင်ဆရာတော် အရှင်သီလဓမ္မ ဆရာတော်ဘုရားကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျေးရွာနေပြည်သူများက လှူဒါန်းမှု၊ လုပ်အားဒါနများပါဝင်မှု၊  အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် အလျား (၉၈)​ပေ၊ အနံ(၆၆)ပေ၊ (RCC)ကွန်ကရစ် အမျိုးအစားကို အသစ်ပြန်လည်မွမ်းမံတည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းအတွင်း ကျေးရွာနေပြည်သူများက ဥပုသ်သီလဆောက်တည်ခြင်း၊ ဘုရားပွဲများပြုလုပ်ခြင်းစသည့် ဘာသာရေးပွဲများပြုလုပ်လျက်ရှိပြီး  ယခုအခါ ဓမ္မာရုံကြီးသည် နှစ်ပေါင်း (၁၀၀)ကျော်ရှိပြီး ကျေးရွာအတွင်းသမိုင်းဝင် ဓမ္မာရုံကြီးဖြစ်သော်လည်း ရှေးယခင်က အဆိုပါဓမ္မာရုံကြီးကို မြေအုတ်၊ ရွံ့တို့ဖြင့်သာတည်ဆောက်ခဲ့ခြင်းတို့ကြောင့်    အန္တရာယ်တစ်စုံတစ်ရာမဖြစ်ပေါ်စေရေးအတွက် အသစ်ပြန်လည်တည်ဆောက် မွမ်းမံခြင်းဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော် အရှင်သီလဓမ္မထံက သိရသည်။

သန်းထွန်း​အေး