ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးဆီဈေးမြင့်မားလာမှုကြောင့် ကုန်ကြမ်းရရှိမှုအပေါ်မူတည်၍ ဆီစက်လုပ်ငန်းများ လည်ပတ်လျက်ရှိနေကြပြီး၊ ယခင်နှစ်များထက် ကုန်ကြမ်းအဝင် ပိုမိုများပြားခဲ့ပြီး၊ လျှပ်စစ်မီးရရှိမှုအပေါ် မူတည်၍ နေ့ဆိုင်း/ညဆိုင်းဖြင့် လုပ်ငန်း လည်ပတ်နေရကြောင်း ဆီစက်လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။
ကျောက်ပန်းတောင်းမြို့ပေါ်တွင် စားသုံးဆီကြိတ်ခွဲသည့် ဆီစက်လုပ်ငန်းကြီးများရှိသလို၊ အငှားကြိတ်ခွဲသည့် ဆီစက်လုပ်ငန်းငယ် များ၊ တစ်ပိုင်တစ်နိုင်ကြိတ်ခွဲနေသည့် ဆီဆုံငယ်များ ရှိကြောင်းသိရပြီး၊ ယခင်နှစ်များထက်ပိုမို၍ ဆီကြိတ်ခွဲနေရကြောင်းသိရသည်။ အငှားကြိတ်ခွဲကြသူများအနေဖြင့် ပဲဆံတစ်ပိသာလျှင် အငှားကြိတ်ခ ၂၀၀ကျပ်ဖြစ်ကြောင်းနှင့် ပဲဆန်ပိသာ(၁၀၀)ကြိတ်လျှင် ပဲဆီ(၄၂)ပိသာ ထွက်ရှိကြောင်းသိရသည်။ ဆီစက်လုပ်ငန်းရှင်ကြီးများအနေဖြင့် လျှပ်စစ်မီးရရှိမှု အခြေအနေပေါ် မူတည်၍ တစ်နေ့လျှင် နှမ်း(တစ်တင်းခွဲအိပ်) (၂၀)အိပ်ခန့်ကြိတ်ခွဲရကြောင်းနှင့် မြေပဲဆန်အနေဖြင့် တစ်နေ့လျှင် တင်း(၈၀)ခန့်ကြိတ်ခွဲ ရကြောင်းသိရသည်။ “အခုဆီဈေးကတော့ စားအုန်းဆီဈေး တက်ရင်တက်သလို ပြည်တွင်းစား သုံးဆီဈေးကလည်းတက်တာပဲဗျ…ပုံသေပြောလို့မရဘူး။ အခု လက်ရှိက ပဲဆန်တစ်ပိသာကို (၃၀၀၀)ကျပ်ဈေးဝယ်ရပြီးတော့ ပဲဆီတစ်ပိသာကို ၅၈၀၀/၆၂၀၀ ကျပ် ရောင်းရတယ်။ နှမ်းဆီက တစ်ပိသာ ၆၅၀၀ ကျပ်ရောင်းတယ်။ အိမ်မှာတင် လက်လီရောင်းရတာကတော့ တစ်နေ့ကို ပဲဆီအချိန် (၄၈၀)ပိသာလောက်ရောင်းရပြီး၊ နှမ်းဆီကတော့ ပိသာ(၄၀) လောက်ပဲ ရောင်းရတယ်။ နှမ်းဆီက အကြော်အလှော်မခံတော့ သိတ်မသုံးကြဘူး။ ကျွန်တော်တို့နယ်ကတော့ နှမ်းရော၊ပဲရောအဝင် မရှိတော့ဘူး လောလောဆယ်တော့ အနောက်ဘက်ကလာတဲ့ ကျွန်းပဲ/ကိုင်းပဲတွေပဲ ဝယ်ပြီးကြိတ်နေရတာ မီးကမမှန်တော့ အလုပ်က လုလုပ်နေရတာပဲဗျ နေ့ရော၊ ညရောပါ လုပ်နေကြရတာ ဘဲ” ဟု ကျောက်ပန်းတောင်းမြို့ ဈေးကွက်သစ် ရပ်ကွက်မှ ဆီစက်လုပ်ငန်းရှင်တစ်ဦး ကပြောပါသည်။
ကျောက်ပန်းတောင်းမြို့နယ် ဆီစက်လုပ်ငန်းရှင်များမှာ မိမိဒေသထွက် ကုန်ကြမ်းအဝင်မရှိသဖြင့် ပခုက္ကူ/ဆိတ်ဖြူ အစရှိသည့် မြို့နယ်များသို့သွားရောက်၍ ကျွန်း/ကိုင်းတို့မှ ထွက်ရှိသည့် မြေပဲကို ဝယ်ယူကြရကြောင်းသိရပြီး၊ ၎င်းဒေသထွက် ပဲဆန်မှာ တစ်ပိသာလျှင်(၃၀၇၅)ကျပ်ပေးရကြောင်းနှင့် မိမိတို့ကြိတ်ခွဲပြီးရရှိလာသည့် ကုန်ချောစားသုံးဆီများကို ရန်ကုန်မြို့သို့ အဓိကထား တင် ပို့ပေးရကြောင်းသိရသည်။
ကိုနေ(ကျောက်ပန်းတောင်း)