မိုင်းဖြတ် ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဒေသခံပြည်သူအချို့သည် တောတောင်များတွင် သဘာဝအလျှောက် ပေါက်ရောက်သည့် နတ်မြှားပင်(ခေါ်) တံမြတ်စည်းပင်များကို လိုက်လံခုတ်ယူရောင်းချခြင်းဖြင့် မိသားစုဝင် ငွေများကို တစ်ဖက်တစ်လမ်းမှ ရရှိကြောင်း တံမြက်စည်းပင် ခုတ်ယူရောင်းချသူ တစ်ဦးထံက သိရသည်။
တောင်သူများအနေဖြင့် အဆိုပါ တံမြက်စည်းပင်များကို ခုတ်ယူရောင်းချရာတွင် မိသားစုလိုက်သော် လည်းကောင်း၊ တစ်ဦး တစ်ယောက်သော် လည်းကောင်း တောတောင်များအတွင် သွာရောက်ခုတ်ယူလေ့ရှိပြီး တစ်နေ့ခုတ်ယူရရှိလာသည့် တံမြက်စည်းအစိုကို ၃ရက်ခန့်နေပူလှန်း အမှုန်အမွှားများသန့်စင်၊ အရိုးတံချိုးပြီး တံမြက်စည်း ပြုလုပ်နိုင်သည်အထိ ပြုလုပ်ရကြောင်း၊ သန့်စင်ပြီးသည့် တံမြက်စည်းပင်များကို မြို့မှာရှိသည့် အဝယ်ဒိုင်များကိုလည်းကောင်း၊ အခြားမြို့အဝယ်ဒိုင်များသို့လည်းကောင်း သွားရောင်းချရကြောင်း သိရသည်။
နတ်မြားပင်(ခေါ်)တံမြက်စည်းပင်များသည် ဒေသဈေးကွက်အနေဖြင့် ယခင်နှစ်များက တစ်ပိဿာလျှင် ငွေကျပ် ၂၃၀၀ ကျပ်မှ ၂၅၀၀ကျပ်အထိ ရှိကြောင်း၊ ယခုနှစ်တွင် အချော(သန့်စင်ပြီး)သား တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ အကြမ်းတစ်ပိဿာလျှင် (၂၅၀၀)ကျပ်အထိ ဝယ်ရပြီး အများအားဖြင့် တောင်ပေါ်ကျေးရွာများမှာ နေထိုင်ကြသည့် တိုင်းရင်းသားများက အများဆုံး လာရောက် ရောင်းချကြကြောင်း ဟိုနား ကျေးရွာနေ (အဝယ်ဒိုင်) ဒေါ်နန်းကျောက်ထံက သိရသည်။ အလားတူ ဒေသအတွင်း၌ တံမြက်စည်းတစ်ချောင်းလျှင် (၁၅၀၀)ကျပ်ရှိကြောင်း သိရသည်။
သန်းထွန်းအေး