မုဒုံမြို့၌စက်သုံးဆီဆိုင်များတွင်မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

မုဒုံ  နိုဝင်ဘာ  

ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် မြို့နယ်အတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ယနေ့မွန်းတည့် ၁၂နာရီ က မြို့နယ်အတွင်းရှိစက်သုံးဆီဆိုင်များသို့ မီးဘေးလုံခြုံရေးများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ရာတွင် မုဒုံမြို့နယ် မီးသတ်ဦးစီးမှူး စောစိုးစိုးမြင့် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီဆိုင်များအတွင်း သွယ်တန်းထားရှိသော ဝါယာကြိုးများ ပေါက်ပြဲဆွေးမြေ့နေမှု ရှိ /မရှိ၊ လျှပ်စစ်မီးသုံးစွဲမှု စနစ်တကျ ရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဗူးများ ထားရှိမှု ရှိ/မရှိ၊ ဓာတ်ဆီသိုလှောင်ထားရှိမှုနှင့် ပိုက်သွယ်တန်းထားရှိမှု အခြေအနေများ၊ မီးသတ်ကတ်များနှင့် အရေးပေါ် မီးငြှိမ်းသတ်နိုင်ရန် ရေလှောင်ကန်များတွင် ရေသိုလှောင်ထားရှိမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များအား လိုက်နာကြရန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ