ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးကို ပုဂံဘုရားဖူးသူများ၊ လေ့လာရေးလာရောက်သူများ လေ့လာနိုင်ရန် ပြန်လည်ဖွင့်လှစ်

ညောင်ဦး  နိုဝင်ဘာ  ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့ဟောင်း၊ ကန်တော့ပလ္လင်ဘုရား တောင်ဘက်တွင် ဖွင့်လှစ်ထားရှိသည့် ပုဂံရှေးဟောင်း သုတေသနပြတိုက် ကြီးအား အောက်တိုဘာ ၂၈ ရက်  နံနက် ၉ နာရီခွဲအချိန်မှစတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီ ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီး ဌာန(ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခက်ခက်လှ(ပြတိုက်တာဝန်ခံ) က ပြောသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးအား ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်နေ့မှစတင်ပြီး ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန်၊ ကူးစက်မှုထိန်းချုပ်နိုင်စေရန်ပိတ်ထားခဲ့ရာမှ ၂၀၂၁ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့် ပြန်လည်ဖွင့်လှစ် ပေးခဲ့ခြင်း ဖြစ်သည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးသည် ပုဂံမြို့ဟောင်းအတွင်း အနောက်တောင်ဘက်တွင်ရှိပြီး တောင်ဘက် ရှေးဟောင်းမြို့ရိုးနှင့်ကပ်လျက် တည်ရှိသည်။ ပြတိုက်သစ်ကြီးအား ၁၉၉၅ ခုနှစ်အတွင်းမှ စတင်တည်ဆောက်ခဲ့သော ပြတိုက်ကြီးဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် တည်ဆောက်ပြီးစီး ခဲ့ခြင်းဖြစ်သည်။ ၁၉၀၂ ခုနှစ်၊ ယခင်အခေါ် ကမ္ဗည်းကျောက်စာဌာန၊ ယခုအခေါ် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကျောက်စာဝန် မစ္စတာတော်စိန်ခိုက ပုဂံတစ်ဝိုက်မှ ရရှိသော ရှေးဟောင်းကျောက်စာများနှင့်ရှေးဟောင်းပစ္စည်းများကိုပြသရန် အာနန္ဒာဘုရား မြောက်ဘက်တွင် ပြတိုက်တည်ဆောက်ပြီး ၁၉၀၄ ခုနှစ်တွင် ဖွင့်လှစ်ပြသခဲ့သည်။ နှစ်အတော်ကြာပြီး အာနန္ဒာဘုရားအနီးရှိ ပြတိုက်ငယ်မှာ သေးငယ်ခြင်း၊ ခင်းကျင်းပြသမှု ပုံစံမှာလည်း ပစ္စည်းများစုပုံပြသထား သကဲ့သို့ဖြစ်နေခြင်း၊ နှစ်ပေါင်း ၆၀ ကျော်တွင် ရှေးဟောင်း ပစ္စည်းများ တဖြည်းဖြည်းစု ဆောင်းရရှိမှုများလာခြင်းများကြောင့်၊ ပုဂံမြို့ဟောင်းအတွင်း ကန်တော့ပလ္လင်ဘုရားတောင်ဘက် မြေဧက ၈.၁၆ ကျယ်ဝန်းသော မြေနေရာအစသစ်တွင် ခေတ်မီပြတိုက်သစ် တစ်ခုကို တည်ဆောက်ခဲ့ပြီး ၁၉၇၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးသည် ကျောက်စာရှစ်မြှောင့် သဏ္ဍာန် ပြတိုက်နှင့် ကျောက်ဆစ်လက်ရာများနှင့် အခြားကြီးမားသော ပစ္စည်းများပြသရန် ကျောက်စာရုံသုံးခု ပါဝင်ကြောင်း၊ ၁၉၉၅ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင်  ရှစ်မြှောင်သဏ္ဍာန်ပြတိုက်ငယ်တစ်ခုသာ ချန်လှပ်ပြီး ကျန်မြေနေရာတွင် ကမ္ဘာ့အဆင့်မီ ခန့်ညားထည်ဝါသော ပြတိုက်ကြီးတစ်ခု စတင်တည်ဆောက် ခဲ့ရာ  ၁၉၉၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် ဖွင့်လှစ်ပြသနိုင်ခဲ့ကြောင်း ပြတိုက်တာဝန်ခံက ရှင်းပြသည်။ အသစ်တည်ဆောက်ခဲ့သော ပုဂံရှေးဟောင်း သုတေသနပြတိုက်ကြီးမှာ နှစ်ထပ် အဆောက်အအုံဖြစ်ပြီး ခန့်ညားထည်ဝါသည်သာမက အတွင်းရောအပြင်ပါ မြန်မာမှုလက်ရာ၊ အင်္ဂတေပန်းများ၊ သစ်သားပန်းပု၊ ကနုတ်ပန်းလက်ရာများ၊ ယွန်းရွှေဇဝါလက်ရာများ၊ ရွှေချည်ထိုးလက်ရာများနှင့် တင့်တယ်လှပစွာ တန်ဆာဆင် ထားသောကြောင့် အဝေးမှ ကြည့်ကြည့်၊ အနီးကကြည့်ကြည့် ရှုမငြီးနိုင်စရာအသွင် ရှိနေကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ကလေးပြတိုက်ကိုလည်း ပြတိုက်ကြီး၏မြောက်ဘက်ရှိ ရှစ်မြှောင့်ပုံ သဏ္ဍာန်အဆောက်အအုံတွင် ခင်းကျင်းပြသထားကြောင်း သိရသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးအား တနင်္လာနေ့နှင့် အများပြည်သူရုံးပိတ်ရက်များမှအပ နေ့စဉ်နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲအချိန်ထိ ပုံမှန်ပြန်လည်ဖွင့် လှစ်လိုက်ပြီဖြစ်ကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခက်ခက်လှ(ပြတိုက်တာဝန်ခံ)ထံကသိရသည်။

ကိုထိန်(KPD)