အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည့် အခြေအနေနှင့် ပတ်သက်၍ မိဘနှင့် ကျောင်းသူလေးတစ်ဦး၏ ရင်တွင်းပီတိစကားသံများ

မြောက်ဥက္ကလာပ အောက်တိုဘာ ၂၂

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော အသက် (၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နံနက် ၇ နာရီက အ.ထ.က(၁) ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် အခြေအနေနှင့် ပတ်သက်၍ ကျောင်းသား မိဘတစ်ဦးနှင့်‌ ကျောင်းသူ​လေးတစ်ဦးတို့၏ ရင်တွင်းပီတိစကားသံများကို ဖော်ပြလိုက် ရပါတယ်။

ဒေါ်ခင်ဝင်း​မြင့်၊ ကျောင်းသားမိဘ( ဝေဘာဂီရပ်ကွက် )

ကျွန်မကတော့ အ.ထ.က(၆)မြောက်ဥက္ကလာပမှာ ပညာသင်ကြားနေတဲ့ (၁၀)တန်းကျောင်းသား တစ်ဦးရဲ့ မိခင်ဖြစ်ပါတယ်၊ ဒီနေ့မှာ ကျွန်မရဲ့ သားလေးကို အသက်(၁၂)နှစ်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လာရောက်ထိုးနှံ ပေးတာ ဖြစ်ပါတယ်။ ဒီလိုထိုးနှံမှ ကျောင်းတွေ ပြန်ဖွင့်လို့ ကျောင်းပြန်တက်ရတဲ့ အချိန်မှာ ကာကွယ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီလို အသက်(၁၂) နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှာဖြစ်တဲ့ အကြောင်းကို စသိတဲ့အချိန်ကစပြီး ကျွန်မအနေနဲ့ သားလေးကိုရော သားလေးသူငယ်ချင်းတွေရော တိုက်တွန်းပြောဆိုတဲ့အခါမှာ အားလုံးက ကာကွယ်ဆေးထိုးနှံဖို့ လက်ခံကြပါတယ်။ ဒီနေ့ကာကွယ် ဆေးထိုးတဲ့အခါ ကျန်းမာရေး စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အောက်ဆီဂျင်တိုင်းခြင်းတွေ စစ်ဆေးပြီး ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေးကို ထိုးပေးတာ တွေ့ရပါတယ်။ ဒါ့ကြောင့် မိဘတစ်ဦးအနေနဲ့ ကလေးတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ယခုလို ထိုးနှံခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ကျွန်မတို့လို‌ ကျောင်းသားမိဘများ ကလည်း သားသမီးများ ကာကွယ်ဆေး မထိုးရသေးရင် ကာကွယ်ဆေး လာရောက်ထိုးနှံပေးကြဖို့ တိုက်ထွန်းပြောကြားလိုပါတယ်။

ဆက်လက်ပြီး အ.ထ.က(၇) မြောက်ဥက္ကလာပမှ အသက် ၁၂ နှစ်နှင့် အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက် ထိုးနှံသူ ကျောင်းသူလေးတစ်ဦးက ယခုလိုပြောကြားခဲ့ပါတယ်။ ကျွန်မ အမည်က မသဲစုစန္ဒီ ဖြစ်ပါတယ်။ အ.ထ.က(၇) Grade(10)မှာ ပညာသင်ကြားလျက်ရှိပါတယ်။

ဒီနေ့ အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေး ထိုးနှံပေးနေတာဖြစ်တဲ့ အတွက် သမီးအမေနဲ့အတူ သူငယ်ချင်းတွေ ပါခေါပြီး ကာကွယ်ဆေးလာထိုးတာ ဖြစ်ပါတယ်။ ဆေးမထိုးခင် လူမှုရေးအသင်း အဖွဲ့များက သမီးတို့ကိုစစ်ဆေးပေးပြီး ပုံမှန်ရှိမှ ကျန်းမာရေး ဆရာမ များက ဆေးထိုးပေးပါတယ်။ ဆေးထိုးတဲ့ အခါမှာ နာတာကျင်တာမရှိပါဘူး၊ ဆေးထိုးပြီးချက်ချင်း မပြန်ခိုင်းဘဲ နာရီဝက်လောက် နားခိုင်းပါတယ်။ ကျောင်းတွေပြန်ဖွင့် တဲ့အခါ သမီးအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးထားတာ ဖြစ်တဲ့အတွက် ကျောင်းတက်ရင် ကာကွယ်နိုင်ပြီး ကျောင်းစာများကို အခက်အခဲမရှိ သင်ကြားနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရလို့လဲ အရမ်း ဝမ်းသာပါတယ်။ နောက်ဆေးမထိုးရသေးတဲ့ ကျောင်းသား၊ ကျောင်းသူများရှိရင်လည်း ကာကွယ်ဆေးကို မဖြစ်မနေ ထိုးနှံကြပါလို့ တိုက်တွန်းပြောကြားချင်ပါတယ်။

အဆိုပါ အသက်(၁၂)နှစ်အထက်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အ.ထ.က(၁)ကျောင်းနှင် ရွှေပေါက်ကံမြို့သစ်၊ (၂၁)ရပ်ကွက်ခွဲ မြို့ဦးကျောင်းတိုက်တို့တွင် အောက်တိုဘာလ(၁၇)ရက်နေ့မှ ယနေ့အထိ ကျောင်းသား/သူ(၂၀၀၀) ကျော်ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးရရှိမှု အပေါ်မူတည်၍ ကျန်ရှိနေသည့် ကျောင်းသား/သူများကို ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြမြဝင်း