ပြင်ဦးလွင် မေ ၁၄
ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်အဖွဲ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်း ဗန်းမော်ခရိုင်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့၊ မြို့လယ် ရွှေစည်းခုံကျောင်းတိုက်နှင့်လက်ပံကုန်းကျေးရွာ၊ သီရိမင်္ဂလာကျောင်းတိုက်တို့ရှိ ဓမ္မာရုံတို့တွင် ဆန်၊ ဆီနှင့်ငါးသေတ္တာတို့ကို ထောက်ပံ့ပေးအပ်သည်။
အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရ၊ လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်း၊ ရွှေကူမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းထူးနှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ၊ ဗန်မော်ခရိုင်အတွင်းမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများ တက်ရောက်ကြသည်။
ထောက်ပံ့ပေးအပ်လှူဒါန်းပွဲတွင် ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီးက ထောက်ပံ့ပေးအပ် လှူဒါန်းရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ယာယီနေရပ်စွန့်ခွာ ပြည်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းသို့ ပေးအပ်လှူဒါန်းရာတွင် မြို့လယ်ရွှေစည်းခုံကျောင်းတိုက်တွင် အိမ်ထောင်စု ၆၅၀ စုနှင့် လက်ပံကုန်းကျေးရွာ၊ သီရိမင်္ဂလာကျောင်းတိုက်တွင် အိမ်ထောင်စု ၃၅၀ စုတို့အား အိမ်ထောင်စု တစ်စုလျှင် ဆန်ခြောက်ပြည်အိတ် တစ်အိတ်၊ ဆီ ၆၀ သား တစ်ဘူး၊ ငါးသေတ္တာတစ်ဘူးတို့ဖြင့် အိမ်ထောင်စု စုစုပေါင်း ၁၀၀၀ တို့အား ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ဗန်းမော်ခရိုင် စားအုန်းဆီကိုယ်စားလှယ်အလှူရှင် ဦးမြဝင်းထွန်းတို့က ပြည်သူများအား လက်ရောက်ပေးအပ်ခဲ့ပြီး လက်ပံကုန်းကျေးရွာရှိ ဗန်းမော်ခရိုင်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ယာယီ Camp လေးလုံးတည်ဆောက်ရန် အလှူငွေ ကျပ်သိန်းသုံးရာကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ)