လားရှိုး မေ ၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လားရှိုးခရိုင်ရုံးမှ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် မေလ ၆ ရက်နေ့၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူနှစ်ဦးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သော လူနေအိမ် ၁ လုံးအတွက် ငွေများနှင့် အိမ်ဆောက်ပစ္စည်းရန်ပုံငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ထို့သို့ပေးအပ်ရာတွင် လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးမင်းနိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးသီရိသွယ်နှင့် တာဝန်ရှိသူများက လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး လားရှိုးမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူလျက်ရှိသည့် ပြည်သူနှစ်ဦးအား တစ်ဦးလျှင် ငွေကျပ် (၅၀,၀၀၀) နှုန်းဖြင့်လည်းကောင်း နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် ရပ်ကွက် (၁) နယ်မြေ (၈) ရှိနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၅၀,၀၀၀) ကျပ်အားလည်းကောင်း စုစုပေါင်း ငွေကျပ် (၁၅၀,၀၀၀) ကျပ်အား ဘေးသင့်ပြည်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)