ကော့သောင်း ဧပြီ ၅
မြန်မာတို့၏ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာအရ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း၌ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ၁၃၈၇-၁၃၈၈ ခု၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စနစ်တကျ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် အများပြည်သူ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလအတွင်း စက်သုံးဆီ ခြိုးခြံချွေတာနိုင်ရေးအတွက် မဏ္ဍပ်များခွဲ၍ အလှပြယာဉ်များနှင့် မော်တော်ယာဉ်များကို အသုံးပြုလှည့်လည်ခြင်းများအစား လမ်းလျှောက်သင်္ကြန် ကျင်းပနိုင်ရေးအတွက် ကော့သောင်းမြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး၊ ဗဟိုသင်္ကြန်မဏ္ဍပ်တွင် ရပ်ကွက်အလိုက် ယိမ်းအကပြိုင်ပွဲများ၊ နိုင်ငံကျော် အနုပညာရှင်/အဆိုတော်များ၏ ဖျော်ဖြေရေးအစီအစဉ်များ၊ ရေကစားမဏ္ဍပ်များ၊ စတုဒိသာ ကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)