တတိယအကြိမ်ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း

လွိုင်ကော်        ဖေဖော်ဝါရီ   ၂၀

တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစိန်ဦးက တတိယအကြိမ် ကယားပြည်နယ်လွှတ်တော်ပထမပုံမှန် အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်၊ လွှတ်တော်ကိုယ်စားလှယ်များ စိတ်အေးချမ်းသာစွာဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်ရေးရုံးနှင့် ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ စိန်းလန်းစိုပြည်မှုရှိစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးများကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီးက လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဆောင်ရွက်မည့်လုပ်ငန်းများအား တင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၊ ရုံးခန်းများ၊ ရေးရာကော်မတီခန်းမနှင့် ကိုယ်စားလှယ်များနားနေခန်းတို့ ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက နောင်ယား(ခ)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေဖြင့် ခြံစည်းရိုးအုတ်တံတိုင်း အရှည်ပေ ၁၄၉၀ ကာရံခြင်းလုပ်ငန်းအား ကြည့်ရှုူစစ်ဆေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါဉခူရပ်ကွက်ရှိ ပြည်နယ်လျှပ်စစ်ရုံးဝင်းအတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် (၄) ခန်းတွဲ (၄) ထပ် သံကူကွန်ကရစ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်၊ အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေး စနစ်တကျကြီးကြပ်ဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများတိုးတက်ပြီးစီးမှုအ‌ခြေအနေများကို ပြည်နယ်အစိုးရအဖွဲ့နှင့် မိမိတို့သက်ဆိုင်ရာဦးစီးဌာနသို့ စဉ်ဆက်မပြတ်တင်ပြရန်မှာကြားခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)