ထားဝယ် ဖေဖော်ဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ထားဝယ်မြို့တော်ခန်းမ(၂)၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှုး ဦးကောင်းညွန့်က လုပ်ငန်းခွင်ကျွမ်းကျင်မှု မြှင့်တင်နိုင်ရန်၊ ခေတ်စနစ်နဲ့အညီ ပြောင်းလဲနေသည့် အိမ်ခြံမြေဥပဒေများ၊ ရွှေနှင့်အဖိုးတန်သတ္တုရောင်းဝယ်မှုဆိုင်ရာစံနှုန်းများကို စနစ်တကျသိရှိနားလည်နိုင်စေရန်၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်၊ အထူးသဖြင့်ငွေကြေးခဝါချမှုတိုက်ဖျက်ရေး (Anti - Money Laundering) နှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ စည်းမျဉ်းများကို လုပ်ငန်းရှင်များအနေဖြင့် သိရှိလိုက်နာပြီး ဘေးကင်းလုံခြုံသော စီးပွားရေးဝန်းကျင်ဖန်တီးနိုင်စေရန်၊ လုပ်ငန်းခွင်ကျင့်ဝတ် စောင့်ထိန်းရန်နှင့် အကျိုးဆောင် တစ်ယောက်(သို့မဟုတ်)ကုန်သည်တစ်ယောက်အနေဖြင့် ဝယ်ယူသူ/ရောင်းချသူ များကြားတွင် ယုံကြည်မှု(Trust)တည်ဆောက်နိုင်ရန် ကျင့်ဝတ်များကိုနားလည်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချို က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
ဆက်လက်၍တာဝန်ရှိသူများက အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု ရောင်းဝယ်သူများ ဆိုင်ရာကြီးကြပ်ရေးအဖွဲ့နှင့် မှတ်ပုံတင်ရေးဆိုင်ရာလုပ်ငန်းများအကြောင်း၊ သတင်းပို့အဖွဲ့အစည်းများအတွက် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များအကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာဆောင်ရွက်ချက်များ (AML/CFT) အကြောင်းစသည့်တို့ကိုဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)