ကော့မှူးတွင် စက်သုံးဆီအ‌ရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံစစ်‌ဆေး

ကော့မှူး ဖေဖော်ဝါရီ ၂၀

ပွင့်လင်းရာသီကာလအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီး‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက်က‌ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့လိုက်လံစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးပြည့်ဖြိုးအောင်နှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ Apex စက်သုံးဆီအရောင်းဆိုင်၊ ရွှေသရဖူစက်သုံးဆီအရောင်းဆိုင်၊ Max Energy စက်သုံးဆီအရောင်းဆိုင်များအား ပွင့်လင်းရာသီကာလအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ အရန်သင့်ပြင်ဆင်ထားရှိရေး၊ အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီမံချက်ရေးဆွဲထားမှုအခြေအနေများ၊ စက်သုံးဆီသိုလှောင်ကန်များအား မီးဘေးအန္တရာယ်မဖြစ်ပွားအောင် တည်ဆောက်ထားရှိမှုများ၊ မီးသတ်ရေကန်များ အရန်သင့်ရေအပြည့်အဝရှိစေရန်၊ လျှပ်စစ်ဝါယာကြိုးများ ဝါယာရှော့ကြောင့် မီးလောင်မှုမရှိစေရန်နှင့် မီးဘေးလုံခြုံရေးပစ္စည်းများ အဆင်သင့်ထားရှိမှုရှိ၊ မရှိတို့အား လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ၌ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ မီးဘေးအသိပညာပေးလက်ကမ်းများ ဖြန့်‌ဝေခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းများနှင့် အသိပညာ‌ပေးနှိုးဆော်ခြင်းများအား ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ကျော်သူရ (ကော့မှူး)