ပျော်ဘွယ် ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ လူငယ်လူရွယ်များ အသက်မွေးဝမ်းကျောင်း အတတ်ပညာတတ်မြောက်စေရေး၊ မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှအထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ နွေရာသီဖိနပ်ချုပ်နည်းသင်တန်း အခမဲ့ဖွင့်လှစ်ခြင်းကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီက မြို့နယ်ရုံးလူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးက ယခုသင်တန်းသည် လူငယ်လူရွယ်များအတွက် ကောင်းမွန်သည့်သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ ဖိနပ်ချုပ်နည်းကို ကျွမ်းကျင်စွာတတ်မြောက်သည်အထိ လေ့လာသင်ယူကာ မိမိကိုယ်ပိုင်တီထွင်ကြံဆမှုများနှင့်ပေါင်းစပ်၍ ကုန်ချောအဖြစ်ထုတ်လုပ်လာနိုင်ပါက စီးပွားရေးအတွက် များစွာအဆင်ပြေလာမည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ သင်တန်းနည်းပြကပို့ချမည့်အကြောင်းအရာများနှင့် ဖိနပ်ချုပ်နည်းသင်တန်းတွင် ကတ္တီပါဖိနပ်ချုပ်နည်းသင်တန်းကို ပို့ချသွားမည်ဖြစ်ကြောင်းရှင်းလင်းဆွေးနွေးပြီး သင်တန်းတွင်ကတ္တီပါဖိနပ်တစ်ရံရရှိရန်အတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများ၊ အရွယ်အစားအလိုက် ချုပ်လုပ်ရမည့်အတိုင်းအတာများစသည်တို့ကို ရှင်းလင်းကာ လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း၊ အဆိုပါသင်တန်းကာလမှာ ၆ ရက်တာကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၃၀ တက်ရောက်လျက်ရှိကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)