ဒလ ဖေဖော်ဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းများတွင် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သူနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများပူးပေါင်း၍ မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးသတ်ဆေးဘူးထားရှိမှုနှင့် ရေလှောင်ကန်များ ထားရှိမှုစစ်ဆေးခြင်း၊ လျှပ်စစ်ဝါယာကြိုများ သွယ်တန်းထားရှိမှုများနှင့် မီးခလုတ်များ စစ်ဆေးခြင်းများကိုဆောင်ရွက်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည်များကို အကြံပြုခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ပြည်သူများမီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတိပေးဆော်သြခြင်း၊ နှိုးဆော်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)