ဘားအံ ဖေဖော်ဝါရီ ၂၀
ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာတို့ကို ပြည်နယ်အတွင်း အဓိကထားစိုက်ပျိုးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၈ နာရီက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဘားအံမြို့ အမှတ်(၈)ရပ်ကွက်၊ ကွင်းအမှတ်-၁၁၈၄၊ ထောင်ဝိကွင်း တောင်သူဦးဝင်းတင်ပါ(၁၆)ဦး၏ နေကြာစိုက်ခင်း၌ကျင်းပသော ဆောင်းနေကြာသီးနှံကွင်းသရုပ်ပြပွဲတွင် နေကြာစိုက်တောင်သူများအား သဘာဝမြေဩဇာများ အခမဲ့ချီးမြှင့်ပေးအပ်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က တစ်ဧကစာ နေကြာမျိုးစေ့ တန်ဖိုး ကျပ် ၃၆၄၀၀ အနက် တန် ဖိုး၏တစ်ဝက်ကို ပြည်နယ်အစိုးရမှထောက်ပံ့ပေးပြီး တောင်သူများအနေဖြင့် မျိုးစေ့တန်ဖိုးတစ်ဝက်ကိုသာ ကျခံရခြင်းဖြစ်ကာ ထွက်ရှိလာသည့် နေကြာစေ့အားလုံးကို တောင်သူများသာ ရရှိမည်ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် စိုက်ခင်းအောင်မြင်ဖြစ်ထွန်းအောင် ဂရုစိုက်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း တောင်သူများ၏ လိုအပ်ချက်များကို အချိန်မီပူးပေါင်းဆောင်ရွက်ပေးကြစေလိုပြီး ထွက်ရှိလာသည့်သီးနှံများကို ကုန်ကြမ်းမှကုန်ချောအဆင့်ထိ အရည်အသွေးကောင်းထုတ်ကုန်များထွက်ရှိလာစေရန် အဆင့်မြင့် ဆီကြိတ်ခွဲစက်များဖြင့် ကြိတ်ခွဲနိုင်မှသာ ဈေးကောင်းရရှိနိုင်မည်ဖြစ်သည့်အတွက် ဒေသအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏လုပ်ငန်းများအား အဆင့်မြှင့်တင်နိုင်ရေးအတွက် ကြိုတင်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးဦးထွန်းမြင့်က နေကြာသီးနှံစိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများက ဘားအံမြို့နယ်အတွင်းရှိ ထောင်ဝိ၊ ရဲသာ၊ တရုတ်လှ၊ ကော့ကျိုက် အစရှိသောကျေးရွာ ၁၀ ရွာမှ နေကြာစိုက် တောင်သူ ၁၀၀ အား ဩဇာမင်းသဘာဝမြေဩဇာ အိတ်(၁၀၀)ကို အခမဲ့ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ကျေးရွာ(၁၀)ရွာမှ တက်ရောက်လာသော နေကြာစိုက်တောင်သူများက ဘားအံမြို့ အမှတ်(၈)ရပ်ကွက်၊ ထောင်ဝိကွင်းရှိ အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းနေကြာ အထွက်နှုန်းတိုးတက်ရေး စံပြကွက်(၆၈)ဧကအား ကြည့်ရှုအားပေးသည်။ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက နေကြာ သီးနှံ (၁၅)ရက်သားတွင် အပင်သားခွဲခြင်းလုပ်ငန်းဆောင်ရွက်မှု၊ (၄၀)ရက်သားတွင် မြေဩဇာကျွေးဘောင်တင်ခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ နေကြာစိုက်ခင်းအနီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၏ ဝတ်မှုံကူးပျားအုံများထားရှိပြီး သီးနှံအထွက်တိုးရေးအတွက်ပျားဝတ်မှုန်ကူးခြင်းနှင့် ဆောင်းနေကြာအထွက်နှုန်းတိုးတက်ရေးစံပြကွက်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)