မိုးညှင်း ဖေဖော်ဝါရီ ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများအား မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက စုပေါင်းရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်က မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးသန်းက မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးနှင့်ပတ်သက်၍ မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့်ရည်မှန်းချက်တာဝန်များ၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ် အမျိုးအစားများ၊ မီးလောင်မှုအမျိုးအစားအလိုက် မီးငြှိမ်းသတ်ခြင်းဆိုင်ရာ နည်းစနစ်များ၊ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များစသည်တို့ကို Power Point ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် စုပေါင်းရုံးရှေ့တွင် ခရိုင်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက Gas မီးငြှိမ်းသတ်နည်းများ၊ အဝတ်စိုဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူးဖြင့် လက်တွ့မီးငြှိမ်းသတ်နည်းများ၊ အထပ်မြင့်အဆောက်အဦမှ လူနာကယ်ထုတ်နည်းနှင့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသခဲ့ကြပြီး ခေတ်မီရှာဖွေကယ်ဆယ်ရေးသုံးကိရိယာနှင့် ဆက်စပ်ပစ္စည်း အမျိုးအစား (၅၀) ကျော်ကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက တက်ကြွစွာလေ့လာကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း