ကိုကိုးကျွန်း ဖေဖော်ဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးခြင်းများကို မြို့နယ်ဦးစီးမှူး ဦးကျော်ချမ်းငြိမ်း၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမြဝင်းနှင့်တပ်ဖွဲ့ဝင်များက ယနေ့နံနက် (၈) နာရီအချိန်က တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်စစ်ဆေးရာတွင် မီးကိုပေါ့ဆစွာ အသုံးပြုသူတစ်ဦး တစ်ယောက်၏ပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ်ဆိုးနှင့် မကြုံတွေ့ရလေအောင် မီးသတ်တပ်ဖွဲ့ဥပဒေ (၁/၉၇) အရ ထုတ်ပြန်ထားသော မီးဘေးသတိပြုနှိုးဆော်ချက်များအား လိုက်နာ ဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံများကို လက်တွေ့ပြသပေးခြင်း၊ ရုံးဌာနအဆောက်အဦများနှင့် အိမ်တိုင်းတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ ပြုလုပ်ထားရှိရန် အိမ်တိုင်းအိမ်တိုင်းတွင် ရေအိုး၊ ရေကန်၊ ရေပေပါများအား ရေအပြည့်ဖြည့်ထားရန်၊ မီးဖိုနှင့် ထရံကြားတွင် မီးမလောင်နိုင်သော သွပ်ပြား၊ သံပြားဖြင့် ကာရံထားရန် မီးဖိုနှင့် အမိုးအား အနည်းဆုံး ၅ ပေအကွာတွင်ထားရှိရန်၊ ဟောင်းနွမ်းနေသော လျှပ်စစ်ဝိုင်ယာကြိုးများအား အသုံးမပြုကြရန်၊ မီးသုံးစွဲမှုအား နံနက် (၄) နာရီမှ (၁၀) နာရီထိ တစ်ကြိမ်၊ ညနေ (၄) နာရီမှ ည (၈) နာရီအချိန်ထိ ချက်ပြုတ်သုံးစွဲရန် စသည့်အချက်များအား မီးသတ်ဦးစီးဌာနမှ လိုက်လံနှိုးဆော်ခဲ့ပြီး တစ်အိမ်တက်ဆင်းမီးဘေးအန္တရာယ် မဖြစ်စေရန်ကြိုတင်ကာကွယ်ခြင်းများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းနှင့် ထိုသို့မီးဘေးအန္တရာယ်အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ အပတ်စဉ်ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)