စစ်တွေ ဖေဖော်ဝါရီ ၂၀
ရွှေကရုဏာဖောင်ဒေးရှင်း (စစ်တွေ)သို့ အလှူငွေပေးအပ်ခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရွှေကရုဏာဖောင်ဒေးရှင်း (စစ်တွေ)ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ဆင်းရဲနွမ်းပါးသည့် လူနာများကို အခမဲ့ဆေးဝါးကုသရန်အတွက် ရည်ရွယ်ကာ ဖွင့်လှစ်ခဲ့သည်ဟုသိရကြောင်း၊ ယနေ့ထိ အထွေထွေရောဂါ လူနာ (၂၂၆၅၆၀)၊ မျက်စိခွဲစိတ်လူနာ (၆၆၁၈)ဦးနှင့် ကျောက်ကပ်လူနာ (၂၅)ဦးအား ဆေးကုသပေးနိုင်ခဲ့ကြောင်း၊ စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများ၊ တပ်မတော်မှ ဆရာဝန်များနှင့် NGO အဖွဲ့အစည်းများမှ ဆရာဝန်များက အလှည့်ကျလာရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း၊ ရွှေကရုဏာ ဖောင်ဒေးရှင်း(စစ်တွေ)တွင် တစ်လလျှင် လူနာ(၁၀၀၀) ကျော်ခန့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်ဟုသိရကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွှေကရုဏာ ဖောင်ဒေးရှင်းတွင် လိုအပ်သည့်နေရာများ၌ အကူအညီအထောက်အပံ့ဖြစ်စေရန်အတွက် ယခုကဲ့သို့ အလှူငွေများထည့်ဝင်လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရွှေကရုဏာဖောင်ဒေးရှင်း (စစ်တွေ)သို့ အလှူငွေများပေးအပ်ကြပြီး ရွှေကရုဏာဖောင်ဒေးရှင်းအတွင်းရေးမှူး ဦးသန်းရွှေက ဖောင်ဒေးရှင်းစတင်တည်ထောင်ခဲ့မှု အားရှင်းလင်းတင်ပြပြီး လှူဒါန်းပေးမှုအပေါ်ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါ အစည်းအဝေးခန်းမ၌ ကျင်းပသော လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။ ဦးစွာ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သောဌာနဆိုင်ရာများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ(ငွေလုံးငွေရင်း) အသုံးစရိတ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းအရ ရခိုင်ပြည်နယ်၏ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများအချိန်မီပြီးစီးရေး၊ ပြီးစီးသည့်လုပ်ငန်းများငွေပေးချေရေးတို့အတွက် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း၊ အချို့သော ဌာနများတွင် လုပ်ငန်းအကောင်အထည်ဖော်မှုမှာ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်သော်လည်း ငွေထုတ်ယူမှုမှာ အနည်းငယ်သာရှိသေးသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ငွေပေးချေနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် ဘဏ္ဍာရေးနှစ်အတွင်း မသုံးစွဲနိုင်သည့် ရန်ပုံငွေများကို အချိန်မီအပ်နှံသွားကြရန်လိုကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ - ဝင်းမင်းစိုး