ဒေါပုံ ဖေဖော်ဝါရီ ၂၀
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ဒေါပုံမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်က မြို့နယ်အတွင်းရှိ ယာဉ်သွားလာမှုများတွင် စနစ်တကျရှိစေရေး၊ မဟာဗန္ဓုလတံတား အပေါ်တွင် အတက်၊ အဆင်း သွားလာနေသည့် ကွန်တိန်နာယာဉ်ကြီးများ အနေဖြင့် စည်းကမ်းတကျ မောင်းနှင်ရေးနှင့် သတ်မှတ်အရှိန်ဖြင့်သာ သွားလာနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ရေးနှင့် မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် လမ်းဘေးဈေးသည်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးအတွက် စနစ်တကျ ရောင်းချနိုင်ရေး စီမံဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကော်မတီအဖွဲ့၀င်များက မြို့နယ်အတွင်းရှိ ယာဉ်အသွားအလာများစနစ်တကျရှိစေရေးအတွက် အသိပညာပေးဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ယာဉ်ကြောကြပ်တည်းမှုရှိသည့်လမ်းများကို နှစ်လမ်းမောင်းစနစ်မှ တစ်လမ်းမောင်းစနစ်သို့ ပြောင်းလဲသွားရန် အကြံပြုချက်များနှင့် ယာဉ်မောင်းသူများအား အရက်သေစာ သောက်စားမောင်းနှင်မှုများမရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)