တာချီလိတ် ဖေဖော်ဝါရီ ၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မူးယစ်ဆေးဖြတ်ပြီးသူများ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက် ပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက သင်တန်းဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီခိုင်က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့မိဖြို့ဖဥက္ကဋ္ဌ ဦးထွန်းနေဦး၊ မြို့မီးလင်းရေးကော်မတီအဖွဲ့နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှဌေးတို့က သင်တန်းသားများအတွက် အလှူငွေနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသားများက လက်ခံရယူပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသားများအား ရင်းရင်းနှီးနှီးကြည်ရှုနှုတ်ဆက်အားပေးစကားများ ပြောကြားသည်။
အဆိုပါသင်တန်းတွင် မူးယစ်ဆေးဖြတ်ပြီးသူ သင်တန်းသား ၂၀ ဦးအား စိတ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ခြင်း၊ အားကစားလှုပ်ရှားမှုများနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်တန်းကာလ ၈၅ ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)