ရန်ကုန် ဖေဖော်ဝါရီ ၂၀
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၆) ကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်များ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား/စီမံ) နှင့် မော်ကွန်းထိန်းဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ပြင်ပပညာရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကောဝိဒကတက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့မှ တာဝန်ရှိသူတို့သည် ထကြွလုံ့လဝီရိယရှိထသော။ သတိလည်း ရှိထသော။ စင်ကြယ်သော ကာယကံ၊ ဝစီကံ၊ မနောကံနှင့် ပြည့်စုံထသော။ ပြုလုပ်လိုရာ ကိစ္စဟူသမျှ၌ စူးစမ်းဆင်ခြင်၍ ပြုလုပ်လေ့ရှိထသော။ ကိုယ်စိတ်နှလုံးသုံးပါးတို့ကိုစောင့်စည်းလေ့ရှိထသော။ တရားသဖြင့် အသက်မွေးလေ့ရှိသော၊ မမေ့မလျော့သောသူအား စည်းစိမ်ဥစ္စာအဖြာဖြာသည် တစ်နေ့တခြား တိုးပွားကြောင်းကို သဗ္ဗညုဘုရားရှင်က ဓမ္မပဒပါဠိတော်၌ ဟောကြားတော်မူကြောင်း၊ ဘုရားရှင် ဟောတော်မူအပ်သော ဒေသနာတော်နှင့်အညီ သာသနာတော်ထွန်းကားပြန့်ပွားရေးလုပ်ငန်း ကိစ္စအဝဝကို ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုတိုက်တွန်းကြောင်း အဖွင့်သြဝါဒကထာ မြွက်ကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ယင်းနောက် တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၂/၂၀၂၅) ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များ၊ တက္ကသိုလ်များ ဗဟိုပညာရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၆) တင်ပြချက်များကို လျှောက်ထားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့် ဆရာတော်များနှင့် လူပုဂ္ဂိုလ်များက တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၆) နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးကာဆုံးဖြတ်ချက် (၅) ရပ်ကို ချမှတ်အတည်ပြုခဲ့ပြီး သဘာပတိ ဆရာတော်ဘဒ္ဒန္တကောဝိဒက ကုသိုလ်ရသည့်လုပ်ငန်းကိစ္စများကို ဆောင်ရွက်နေကြခြင်းကြောင့် ကောင်းမှုကုသိုလ်နှင့်ပြည့်စုံသော အမျိုးကောင်းသားသမီးတို့မှာ စိတ်ကတောင့်တသည့်အတိုင်း ဖြစ်လာနိုင်ကြပါစေ။ တောင့်တမှုမှန်သမျှ၊ အလုံးစုံသော အကျိုးတရားမှန်သမျှ ပြည့်စုံနိုင်ကြပါစေ။ သဒ္ဓါတရားပညာနှင့် ချင့်ချိန်ဆောင်ရွက်နိုင်ကြပါစေကြောင်း နိဂုံးချုပ် သြဝါဒကထာမြွက်ကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အောင်မြင့်(ပြန်/ဆက်)