ရခိုင်ပြည်နယ်၌ မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်(၂၀၁၈-၂၀၃၀) အကောင်အထည်ဖော်ရေးဆွေးနွေး

စစ်တွေ   ဖေဖော်ဝါရီ    ၁၉

မြန်မာနိုင်ငံအမျိုးသားအဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်(၂၀၁၈-၂၀၃၀) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ကျင်းပသည်။

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကမ္ဘာတွင်ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ အဓိကပြဿနာများမှာ ရာသီဥတုပြောင်းလဲမှု၊ အိုဇုန်းလွှာပျက်စီးမှု၊ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ မြေထုညစ်ညမ်းမှု၊ မြေဆီလွှာပျက်စီးမှု၊ သစ်တောပြုန်းတီးမှု၊ သဲကန္တာရဖြစ်ထွန်းမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများပျက်စီးပျောက်ကွယ်မှုနှင့် ဂေဟစနစ်ယိုယွင်းပျက်စီးလာခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျုဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တွင် ၂၀၃၀ ပြည့်နှစ်တွင် စွန့်ပစ်ပစ္စည်းကင်းစင် စေရေး၊ စွန့်ပစ်ပစ္စည်းအားလုံးကို ပြန်လည်အသုံးပြုသည့် ပတ်လည်စီးပွားရေးစနစ်ဖော်ဆောင်နိုင်စေရေး၊ အမှိုက်ခွဲခြားစွန့်ပစ်နိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့်လူမှုအဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်စေရေးအတွက်ရည်မှန်းချက်နှင့် ပန်းတိုင်ကိုရောက်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် နည်းဗျူဟာများနှင့် လက်တွေ့လုပ်ငန်းအစီအစဉ်များပါရှိသည့်အတွက် ဆွေးနွေးပွဲတက်ရောက်လာသည့်  ဌာနဆိုင်ရာများအနေဖြင့် သေချာလေ့လာမှတ်သားပြီး မိမိတို့ဌာနနှင့်ဆက်စပ်သည့် လုပ်ငန်းမျိုးစုံမှထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းအမျိုးမျိုးကို ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေရန် ပတ်လည်စီးပွားရေး စနစ်ပုံစံထဲကိုထည့်သွင်းပြီး လုပ်ငန်းဆောင်ရွက်နိုင်ခြင်းကြောင့် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ပါးသက်သာခြင်းနှင့် လုံးဝအမှိုက်ကင်းစင်စေခြင်း၊ စီးပွားရေးစနစ်တွင်ပါဝင်နေသည့် ပြည်သူလူထုများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် သယံဇာတအရင်းအမြစ်များ ကနဦးထုတ်ယူမှု သက်သာစေသည့်အတွက် သဘာဝသယံဇာတအရင်းအမြစ်များ ထိန်းသိမ်းထားနိုင်ရန် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကိုထိန်းသိမ်းနိုင်ခြင်းစသည့် မရေမတွက်နိုင်သည့် အကျိုး ကျေးဇူးများ ရရှိလာနိုင်မည် ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းကို လိုက်နာဆောင်ရွက်လျင် စွန့်ပစ်အမှိုက်များမှ Recycle ပစ္စည်းများ ပြန်လည်ရရှိနိုင်ပြီး Recycle ပစ္စည်းများမှ ဝင်ငွေပြန်လည်ရရှိခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိခြင်းနှင့် ဝင်ငွေရရှိခြင်း၊ အမှိုက်သိမ်း စည်ပင်ဝန်ထမ်းများအနေဖြင့် စွန့်ပစ်အမှိုက်များသိမ်းဆည်း သယ်ဆောင်ရာတွင်လည်း သန့်ရှင်းသော အလုပ်အကိုင်များဖြစ်ပေါ်စေခြင်း အကျိုးကျေးဇူးများရရှိနိုင်သည့်အတွက် ပြည်သူလူထုများကအမှိုက်ခွဲခြားစွန့်ပစ်ခြင်းစနစ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခေတ္တပြည်နယ်တာဝန်ခံက မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့်ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဆွေးနွေးပွဲ ဆောင်ရွက်ရသည့် အကြောင်းအရင်းနှင့် လုပ်ငန်းအစီအစဉ်အား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် အခမ်းအနားသို့တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ် ဆက်ခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကိုကျင်းပရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာဌာနအလိုက် မြန်မာနိုင်ငံအမျိုးသားအဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်(၂၀၁၈-၂၀၃၀) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ဆွေးနွေးကြရာ တက်ရောက်လာကြသူများက သိရှိလိုသူများကိုမေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။

နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ကာ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအချိန်မီပြီးစီးရေး၊ ပြီးစီးသည့်လုပ်ငန်းများ ငွေပေးချေရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ ဘဏ္ဍာရေးနှစ်အတွင်းမသုံးစွဲနိုင်သည့် ရန်ပုံငွေများကို အချိန်မီအပ်နှံသွားကြရန်လိုကြောင်းပြောကြားသည်။

ထို့နောက်  ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ(ငွေလုံးငွေရင်း) အသုံးစရိတ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း  သိရသည်။

တင်ထွန်း(ပြန်/ဆက်) ၊ ဓာတ်ပုံ - ဝင်းမင်းစိုး