(၈၁)နှစ်မြောက် တပ်မတော်နေ့ ကြိုဆိုဂုဏ်ပြု မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်း တံတားနှင့် ကတ္တရာလမ်းဖွင့်

ဘားအံ ဖေဖော်ဝါရီ ၁၉

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မဲဘောင်-နောင်ပလိန်-ဝင်းစိန် လမ်း ပေ (၆၀) အရှည်တံတားတစ်စင်းနှင့် (၁၈)ပေအကျယ်ကတ္တရာလမ်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်းပေါ်ရှိ (၆၀)ပေအရှည်၊ (၂၄)ပေအကျယ်၊ ခံနိုင်ဝန်တန်(၆၀)ရှိသော သံကူကွန်ကရစ်တံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တံတားကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြသည်။

အဆိုပါတံတားသည် မူလ ပေ (၄၀) အရှည်၊ (၁၆)ပေအကျယ်၊ တံတားခံနိုင်ဝန်တန်(၂၀)ရှိခဲ့ရာမှ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၈၂၉ သန်းဖြင့် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါတံတားအား ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်းပေါ်ရှိ (၁၈)ပေအကျယ်ကတ္တရာလမ်း ၂ မိုင် ၂ ဖာလုံဖွင့်ပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက လမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အဆိုပါ မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်းသည် ရပ်ကွက်/ကျေးရွာ ၁၃ ခုအား ဖြတ်သန်းချိတ်ဆက်ပေးထား၍ မိုင်အားဖြင့် ၁၉ မိုင် ၅ ဖာလုံရှိရာ ပြည်ထောင်စု/ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၇၁၇ ဒသမ ၈၆၀ သန်းဖြင့် မူလကတ္တရာလမ်း ၁၂ ပေအကျယ်အား (၁၈)ပေ အကျယ်ကတ္တရာလမ်း ၂ မိုင် ၂ ဖာလုံသို့ တိုးချဲ့ဆောင်ရွက်ပြီးစီး ဖွင့်လှစ်ခြင်းဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါလမ်းပိုင်းအား ဖြတ်သန်းကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းပန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်မှသာ စီးပွားရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ၊ ကုန်စည် စီးဆင်းမှုများ၊ ရောင်းဝယ်ဖောက်ကားမှုများ အဆင်ပြေချောမွေ့စွာ သွားလာလုပ်ဆောင်နိုင်မည်ဖြစ်၍ ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝအခြေအနေများလည်း မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှအကုန်အကျခံ ဆောင်ရွက်ပေးထားသော မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်းကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့် ရှောက်ပေး ကြစေလိုပြီး အဆင့်မြှင့်တင်တိုးတက်ပြုပြင်ရန်ကျန်ရှိသည့် လမ်း၊တံတားများကို ဆက်လက်ဆောင်ရွက်ရာတွင်လည်း အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးတင်ဆောင်က မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်း ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တံတားနှင့်လမ်းဖွင့်ပွဲသို့တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ် အားပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)