မိတ္ထီလာမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းဖြင့် တစ်ပိုင်တစ်နိုင် မွေးမြူထားသည့် ဆိတ်မွေးမြူရေးလုပ်ငန်းများ အဆင်ပြေ

မိတ္ထီလာ ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းဖြင့် တစ်ပိုင်တစ်နိုင် မွေးမြူထားသည့် ဆိတ်မွေးမြူရေးလုပ်ငန်းများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိူးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်း ရန်ပုံငွေ သိန်း ၃၀၀ ပေးအပ်ပြီး ကျေးရွာများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်း ရန်ပုံငွေကျပ်သိန်း ၃၀၀ ကို ဆည်ကုန်းကျေးရွာမှ ဒေသခံပြည်သူများအား ထုတ်ချေးပေးသည်။ အဆိုပါ စီမံကိန်းရန်ပုံငွေဖြင့် ဒေသခံပြည်သူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ ၎င်းလုပ်ငန်းများအနက် စီမံကိန်းရန်ပုံငွေဖြင့် တစ်ပိုင်တစ်နိုင်ဆိတ်မွေးမြူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဆိတ်မွေးမြူရေးလုပ်ငန်းမှာ နှစ်စဉ်ဆိတ်ကောင်ရေတိုးပွားလာလျက်ရှိသည်။ အဆိုပါဆိတ်များ တိုးပွားလာသောကြောင့် တစ်နိုင်တစ်ပိုင်စီးပွားရေးအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်လှလှခိုင်ထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)