ကြံခင်းမြို့နယ်၊ အ.ထ.က(ဘက်ရဲ)ကျောင်းတွင် ကျောင်းအခြေပြုမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကြံခင်း ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင်  ကျောင်းအခြေပြု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ကြသည်။

၂၀၂၆ ခုနှစ်၊ မတ်လတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး၊ လျှပ်စစ်မီးမှမီးလောင်မှုမဖြစ်ရေး၊ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိနိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်၊ နယ်မြေခံမီးသတ်စခန်း တာဝန်ခံ ဦးစည်သူအောင်နှင့်သန္ဓေတပ်ဖွဲ့ဝင်များ၊ ဘက်ရဲမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ ဘက်ရဲ စခန်းမှူး ရဲအုပ်စိုးလွင်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ထက်ထက်မြင့် တို့ပူးပေါင်း၍ စာသင်ခန်းများ၊ မေးခွန်းတိုက်များတွင် မီးသတ်ဆေးဘူးများ စနစ်တကျ ဆောင်ရွက်ထားရှိမှု၊ ရေလောင်ကန်များထားရှိမှု၊ အသုံးပြုလျှက်ရှိသော လျှပ်စစ်မီးကြိုးများ ဆွေးမြေ့ပေါက်ပြဲခြင်း ရှိ/မရှိ၊ မီးခလုတ်များ၊ breaker မိန်းခလုတ်များ ကောင်း/မကောင်းတို့ကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း