ကျွန်းလှ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ်ဆောင်းရာသီစိုက်ပျိုးသော ပြောင်းချိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော် နွေ၊ မိုး၊ ဆောင်း ချောင်းရေတင်ပြီး ထိုင်ဝမ်ပြောင်းစိုက်ပျိုးပါတယ်။ ဒီနှစ်ဆောင်းရာသီမှာ ထိုင်ဝမ်ပြောင်းနို့ဆီဘူးသုံးဘူးစိုက်ပျိုးရာ ငွေကျပ် နှစ်သိန်းခွဲခန့်ကုန်ကျပါတယ်။ အရင်မိုးရာသီမှာ ပြောင်းဖူးတစ်ဖူးကို ငွေကျပ် ၅၀၀မှ ၆၀၀ ရောင်းရသော်လည်း အခုအခါ တစ်ဖူးကိုသေးရင် ငွေကျပ် ၇၀၀၊ ကြီးရင် ငွေကျပ် ၈၀၀ ဈေးရောင်းရပါတယ်။ ပြောင်းစိုက်ခြင်းဖြင့် အကျိုးအမြတ်ရရှိပြီး ပြောင်းရိုးကိုလည်း ကျွဲ၊ နွားစာအဖြစ် အသုံးပြုရတဲ့အတွက် လာမယ့်နွေရာသီမှာတိုးချဲ့စိုက်ပျိုးဖို့စီစဉ်ထားပါတယ်” ဟု ထိုင်ဝမ်ပြောင်းစိုက်တောင်သူ ဦးကျော်ဌေးက ပြောသည်။
အဆိုပါထွက်ရှိသည့် ပြောင်းဖူးများကို မြို့ပေါ်ပြန်လည်ရောင်းချသော ဈေးသည်များနှင့် နီးစပ်ရာမြို့များမှ စိုက်ခင်းအထိလာရောက်ဝယ်ယူကြကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ