တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု 

ကော့သောင်း  ဖေဖော်ဝါရီ  ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့ရှိ  ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့်နေရာများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ သယံဇာတရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများ ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုသည်။

ဦးစွာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်နှင့် ၂‌၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်၊ တော်ဝင်ကွန်ကရစ်ဆိပ်ခံတံတားအား အကြီးစားပြုပြင်မွမ်းမံခြင်းဆောင်ရွက်နေသည့် လုပ်ငန်းအ‌ခြေအနေများ၊ ကုန်ပစ္စည်းတင်သွင်း၊ တင်ပို့မှုလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားကွင်းဆင်းကြည့်ရှုကာ ကော့သောင်းမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးဆိပ်ကမ်းအရာရှိနှင့် တာဝန်ရှိသူများအားလိုအပ်သည်များ မှာကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေပြည်သာဓာတ်အားပေးစက်ရုံသို့ သွားရောက်၍  တာဝန်ရှိသူများက ကော့သောင်းမြို့အတွင်း ဖိုးသီးချို(PTC) ကုမ္ပဏီ၏ ဒီဇယ်အင်ဂျင် ဓာတ်အားပေးစက်များနှင့် အသစ်တည်ဆောက်ပြီးစီးပြီးဖြစ်သော SCG ဆိုလာဓာတ်အားပေးစက်ရုံတို့ ပေါင်းစပ်မောင်းနှင်၍ ဓာတ်အားဖြန့်ဖြူးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ  ရှင်းလင်းတင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော့သောင်းမြို့နေပြည်သူများ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်နှုန်းထားအား ယခုထက် ပိုမိုဈေးနှုန်းသက်သာစေရေးအတွက် နေ့ပိုင်းဓာတ်အားသုံးစွဲမှု Total Load (2500 kW) အနက် ဆိုလာစွမ်းအင်မှ (2000 kW)အထိ တိုးမြင့် ဝင်ရောက်နိုင်ရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။

ယခုကဲ့သို့ ဆိုလာစွမ်းအင်မှဓာတ်အားတိုးမြှင့်ထုတ်လုပ်‌နိုင်ပါက ဈေးနှုန်းကြီးမြင့်သည့် ဒီဇယ်ဆီသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် ပြည်သူများအတွက် ဓာတ်အားခနှုန်းထားများ သိသိသာသာ ထပ်မံလျော့ကျလာမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)