လိပ်သို ဖေဖော်ဝါရီ ၁၉
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “လူငယ်ဆိုတာ လန်းရမယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာ/ထောက်-၃(ပြ) နော်ဖလောရင်းဟန်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို နှီးနှောဖလှယ်နိုင်ပြီး အသိအမြင်ဗဟုသုတတိုးပွားစေခြင်း၊ စာဖတ်ဝါသနာပါသူအချင်းချင်း ပိုမိုရင်းနှီးစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူလူငယ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Grade-10 ကျောင်းသူ နော်သင်းသင်းမိုးက “အောင်မြင်မှုဟူသည်” ခေါင်းစဉ်အောက်မှ “အောင်မြင်မှုဆိုသည်မှာ ဘဝရည်မှန်းချက်ကို သိရှိနားလည်ခြင်း၊ လူတစ်ယောက်အတွက် အမြင့်မားဆုံးသော အလားအလာအထိ ကြီးပွားတိုးတက်ခြင်း၊ အခြားလူများအတွက် ကောင်းကျိုးမျှဝေပေးနိုင်ခြင်းတို့ဖြစ်ကြောင်း၊ အောင်မြင်မှုကို မသမာတဲ့နည်းနဲ့ လုယူလို့မရကြောင်း၊ မိမိရည်မှန်းချက်တွေကို ပေါက်မြောက်အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မှ တကယ့်အောင်မြင်မှုကို ရရှိမှာဖြစ်ကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
နော်ဖလောရင်း