ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၉

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့်ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများ ဥပဒေလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ချိန်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဒေသန္တရစီမံကိန်းကို ပြည်နယ်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်‌သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်ရည်ရွယ်၍ စနစ် တကျ အကောင် အထည်ဖော်ရန် ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန် နီးကပ်လာပြီ ဖြစ်သဖြင့် ဥပဒေပါလျာထားစီမံကိန်းများအား အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ဘဏ္ဍာရေးနှစ်အတွင်း ပြီးပြတ်အောင်ဆောင်ရွက်နိုင်ရေးနှင့် လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန် ကြားချက် လုပ်ထုံးလုပ်နည်းများနှင်အညီ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ (ငွေလုံး ငွေရင်း) အသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ အလေးထားလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်အမ်ဂျာရော်က ဌာန/ အဖွဲ့အစည်းများ၏ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်း၊ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သည့် ဌာနဆိုင်ရာ/ အဖွဲ့အစည်းများ ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ပြီးစီးအောင် ဆောင်ရွက်သွားမည့် အစီအစဉ်များ ကို သက်ဆိုင်ရာလုပ်ငန်း/ လုပ်ငန်းစီမံကိန်းအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက်တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ညွှန်ကြားချက်နှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် အဆိုပါအစည်းအဝေးခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ နုကျန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့အကြား နားလည်မှုစာချွန်လွှာ(မူကြမ်း)နှင့် စပ်လျဉ်း၍ စိစစ်ရေးကော်မတီအဖွဲ့ဝင် များ၏ အစည်းအဝေးကို ကျင်းပသည်။

အဆိုပါ အစည်းအဝေးတွင် နားလည်မှုစာချွန်လွှာနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်က ယခုဆွေးနွေးမည့် နားလည်မှုစာချွန်လွှာကို ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နှင့် ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်တို့နှင့် နယ်နမိတ်ခြင်း ထိစပ် လျက်ရှိသည့် တရုတ်နိုင်ငံ၊ နုကျန်းလီဆူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲက ပူးပေါင်းဆောင်ရွက်လို ကြောင်းနှင့် နုကျန်းပြည်နယ်ခွဲနှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် လူဆွေမြို့၊ ဖူကုံ့ခရိုင်နှင့် ပူတာ အိုခရိုင်၊ ကုံ့ရှန်းခရိုင်နှင့် ပူတာအိုခရိုင် အသီးသီးတို့ကို ချစ်ကြည်ရေးမြို့နှင့် မြို့များအကြား ညီအမ မြို့တော်များ ပြုလုပ်၍ နယ်ပယ်အသီးသီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်ဖြစ်သည့်အတွက် အားလုံးက ဝိုင်းဝန်အကြံပြုဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် နားလည်မှု စာချွန်လွှာစိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နားလည်မှုစာချွန်လွှာ (မူကြမ်း)နှင့် စပ်လျဉ်း၍ မြန်မာ- တရုတ်-အင်္ဂလိပ်တို့ဖြင့် ပြင်ဆင်ပေးပို့လာမှုအပေါ် ဆွေးနွေးဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာသိမ့်သိမ့်မိုးက နားလည်မှုစာချွန်လွှာ(မူကြမ်း)ပါ အချက်များ ပြင်ဆင်ပေးပို့ လာမှုအပေါ် စာပိုဒ်တစ်ခုချင်းအလိုက် ပြင်ဆင်ဖြည့်စွက်ပေးရမည့် အချက်အလက်များကိုတင်ပြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက အကြံပြုဖြည့်စွက်ဆွေးနွေးခဲ့ကြရာ ပြည်နယ် ဝန်ကြီးချုပ်က လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးပြင်ဆင်ပေးပို့နိုင်‌ရေးနှင့် စာချွန်လွှာမူကြမ်းပါ အချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ အဆိုပါအစည်းအဝေးခန်းမ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ကချင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းပြီးဖြစ်သည့်အတွက် ပြည်နယ်အတွင်းရှိ ကျေးရွာများ ရေရှည်တည်တံ့ပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်သည့် ကျေးလက်ဒေသများ ဖြစ်ပေါ်လာစေရေး လုပ်ငန်းစီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကော်မတီအနေဖြင့် လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ ကြုံတွေ့ရသည့် အခက်အခဲများ/ လိုအပ်ချက်များအပေါ် ဆွေးနွေးနိုင်‌ရေးနှင့် လာမည့်ဘဏ္ဍာနှစ်များတွင် လျာထားဆောင်ရွက်သွားရမည့် လုပ်ငန်းစီမံကိန်းများကို သတ်မှတ်နိုင် ရေး၊ လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများ စဉ်ဆက်မပြတ် အကောင်အထည်ဖော်နိုင် ရေးအတွက် လိုအပ်သည့် ဘဏ္ဍာငွေများ လျာထားသတ်မှတ်နိုင်‌ရေး ဆောင်ရွက်သွားရမည့် အစီအမံ များအပေါ် ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့်  စပ်လျဉ်း၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမကဏ္ဍ၊ ကျေးလက်လမ်း/ တံတားဖွံဖြိုးရေးတို့အတွက် လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နိုင်မှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ကျေးလက်နေပြည်သူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်တည်တံ့သည့် စီးပွားရေးလုပ်ငန်းများဖြစ်စေရေး အားလုံးကကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ညှီနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)