နေပြည်တော် ဖေဖော်ဝါရီ ၁၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်တီဝင်များ တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ် ချောင်းမကြီးရေလှောင်တမံသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ချောင်းမကြီးဆည်မှ တစ်ရက်ရေဂါလန်(၇ဒသမ၅)သန်း စစ်ထုတ်ပေးနိုင်သည့် ရေသန့်စင်စက်ရုံအမှတ်(၁)သို့ ပေးပို့သော ရေပို့ပိုက်လိုင်းပျက်စီးခဲ့သဖြင့် ချောင်းမကြီးဆည်အတွင်း ပွန်တွန်းပြုလုပ်ပြီးရေတွန်းပန့်မော်တာ(၆)လုံးတပ်ဆင်၍ OD 500 mm HDPE ပိုက်လိုင်း (၁၂၇၀၀) ပေ သွယ်တန်းတပ်ဆင်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးရာ တာဝန်ရှိသူမျာက လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု၊ ပွန်တွန်းမှ တစ်ရက်လျှင် ရေဂါလန် ရှစ်သန်းခန့်တွန်းပို့နိုင်မှု၊ ရေသန့်စင်စက်ရုံမှ သန့်စင်ပြီးရေများကို လွှတ်တော်နှင့် အိမ်တော်များ၊ ဇေယျသိဒ္ဓိရပ်ကွက်၊ ဝန်ကြီးဌာနရုံးများ၊ ကုတင်(၁၀၀၀)ဆေးရုံကြီး၊ မြို့မဈေး၊ သပြေကုန်းဈေး၊ ကံ့ကော်အိမ်ရာ၊ ခရေအိမ်ရာ၊ သုခတော်ဝင်အိမ်ရာတို့သို့ သောက်သုံးရေပေးဝေနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သော ချောင်းမကြီးရေလှောင်တမံ့ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရေစစ်ကျောက်ရိုးပြုပြင်ပြီးစီးမှု၊ ပျက်စီးသွားသော တမံမြေသား(၆၁၃၄၈)ကျင်းဖယ်ထုတ်ပြီးစီးမှု၊ တမံမြေသားအသစ် (၈၀၄၆၃) ကျင်းဖို့ကြိတ်ပြီးစီးနေမှု၊ လှိုင်းကာကျောက်များ ဆောင်ရွက်နေမှုနှင့် တမံမြေသားဖို့ကြိတ်ရန်ကျန်ရှိသည့် (၂၅၃၇)ကျင်းကို ယခုလကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် အမြန်ပြီးစီးအောင် ဆောင်ရွက်ရန်၊ တမံ၏အင်္ဂါရပ်နှင့်အညီ ထည့်သွင်းဆောင်ရွက်ရန်၊ လိုအပ်သော ရေစုမြောင်း၊ ရေဆင်းမြောင်း၊ လှိုင်းကာကျောက်၊ Parapet များကိုပါ တစ်ပါတည်းပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ မင်္ဂလာကန်အမှတ်(၁)၊(၂)၊(၃) ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများမှ ကျောက်စီမြေထိန်းနံရံများပြုပြင်ခြင်း၊ မြေထိန်းနံရံများ ထောက်ကန်မှုအားကောင်းစေရန်အတွက် Gabion ကျောက်ခြင်းချဆောင်ရွက်ခြင်းများကို ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများအားလုံး သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် ကန်အတွင်းရှိ ဗေဒါများကိုပါ တစ်ပါတည်းဆယ်ယူရှင်းလင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။
မင်္ဂလာကန်အမှတ်(၁)တွင် ကျောက်စီမြေထိန်းနံရံပြုပြင်ခြင်းနှင့် Gabion ချခြင်း (၅၉၇၀) ပေ၊ အမှတ်(၂)တွင် ကျောက်စီမြေထိန်းနံရံပြုပြင်ခြင်းနှင့် Gabion ချခြင်း(၂၀၃၀)ပေ၊ အမှတ်(၃)တွင် ကျောက်စီ မြေထိန်း နံရံ ပြုပြင်ခြင်းနှင့် Gabion ချခြင်း(၄၆၅၀)ပေ တို့ကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ ကျန်ရှိသည့် Gabion ချခြင်း (၅၆၈၀) ပေလုပ်ငန်းကို ယခုဖေဖော်ဝါရီလကုန်တွင် ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် မြို့တော်ခန်းမအနီးရှိ ငလိုက်ရာဘာရေလွှဲဆည်သို့ ရောက်ရှိပြီး ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ထိန်းသိမ်းရေး)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရေလွှဲဆည်အထွတ်ပိုင်း Outfall Channel ကြမ်းခင်းနိမ့်ကျမှုနှင့် Downstream cut-off ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင် လူအင်အား၊ စက်ယန္တရားတိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်းသိရသည်။
အောင်ကို(ပုဗ္ဗသီရိ)