မကွေး ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ်အခမ်အနားကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ချင်းတိုင်းရင်း သား၊ တိုင်းရင်းသူများ စုံညီစွာတက်ရောက်ခဲ့ကြသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့မှသည် မိမိတို့၏ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ထာဝရငြိမ်းချမ်းရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် အခြားသောတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မကွေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ သူလေးများနှင့်မင်းဘူး၊ ငဖဲ၊ စေတုတ္တရာမြို့နယ်များမှ အရှိုချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ တိုင်းရင်းသား/သူများက အောင်ချင်းငှက်၊ စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်၊ ပြည်ထောင်စုအင်အား၊ အရှိုလမ်း၊ ပွဲတော်၊ သာယာသည့်အရှိုပျို့နန်း၊ သာယာသည့်ချင်းရွာလေး၊ တောင်ပေါ်မြေ၊ ချင်းအက၊ ချစ်တဲ့တောင်ဇလပ်နှင့်ချင်းတောင်တန်း၊ စည်းလုံးကြပါစို့ တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီးတိုင်းဒေ သကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့ကဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများနှင့် တိုင်းရင်းသား/သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ခင်းကျင်းပြသထားသော ချင်းအမျိုးသားနေ့အထိမ်းအမှတ် ရိုးရာအဝတ်အစားများနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းပြခန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)