ပေါင်းတည် ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နေ့လယ် ၂ နာရီက မြို့မဈေးနှင့် ရွှေတည်ဈေးတို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း သရုပ်ပြသပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ သရုပ်ပြသပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာကော်မတီအသင်းအဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဈေးကော်မတီအဖွဲ့ဝင်များ၊ ဈေးသူဈေးသားများ၊ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြည့်ရှုလေ့လာကြသည်။
ထိုသရုပ်ပြတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းနှင့် ဒုတိယဦးစီးမှူး ဦးကျော်မင်းထွေးတို့က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောကာ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း၊ ရေဆွတ်ထားသည့် စောင်ထည်ဖြင့် အုပ်လွှမ်း၍ မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြသကာ တက်ရောက်လာသူများက ပါဝင်လက်တွေ့ပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ မြို့မဈေးနှင့် ရွှေတည်ဈေး အဆောက်အဦများအား မီးသတ်ယာဉ် ၅ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေပက်ဖြန်း သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။
ရွှေသား(IPRD)