ရွှေတောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

ရွှေတောင် ဖေဖော်ဝါရီ ၁၉

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ကျောင်းများ၊ ကျေးရွာများ၊ ဌာနဆိုင်ရာများအရောက် စာအုပ်များ ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ပြည်သူများအနေဖြင့် အားလပ်ချိန်တွင် မိမိကြိုက်နှစ်သက်သည့် စာအုပ်/စာပေကောင်းများ ဖတ်ရှုနိုင်စေရေးအတွက် ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က ရွှေတောင်မြို့နယ် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ ရွေ့လျားစာကြည့်တိုက်စနစ် Mobile Library မော်တော်ယာဉ်ဖြင့် ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောစည်းရုံး၍ သုတ/ရသ စာအုပ်များအား အခမဲ့ငှားရမ်းပေးခဲ့သည့်အပြင် အသင်းဝင်ကတ်များကိုလည်း အခမဲ့ ဆောင်ရွက်ပေးခဲ့သည်။

ယခုကဲ့သို့ ငှားရမ်းဆောင်ရွက်ပေးခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ သိရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ အချိန်မရ၍ စာကြည်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသူများအတွက် ရည်ရွယ်ပြီး ယခုလို ဌာနဆိုင်ရာများအရောက် ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)