ပေါက်ခေါင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများနှင့် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေး ကြည့်ရှုစစ်ဆေး

ပေါက်ခေါင်း ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများနှင့် စက်သုံးဆီအရောင်ဆိုင်များအား စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမျိုးသူအောင်က စက်သုံးဆီဆိုင်များ၌ မီးသတ်ဆေးဘူးများထားရှိမှု၊ ရေ၊ သဲနှင့် မီးချိပ် မီးကပ်များစနစ်တကျထားရှိမှု၊ အရေးပေါ်မီးလောင်ကြွမ်းမှုဖြစ်ပွားပါက ဆောင်ရွက်ရမည့်လုပ်ငန်းများကို  စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ခံများနှင့် ဝန်ထမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ရေကန်များ ဆောင်ရွက်ထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများအား မီးငြှိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများ ထားရှိဆောင်ရွက်ထားမှုအခြေအနေများ၊ မီးစနစ်တကျ ဂရုပြုသုံးစွဲရေး၊ အမှိုက်နှင့်လောင်စာများအား စနစ်တကျစွန့်ပစ်ရေး ဆောင်ရန်ရှောင်ရန်များနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အသိပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ မီးဘေးလုံခြုံရေးပစ္စည်းကိရိယာများစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရေး လစဥ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)