မိုးညှင်း ဖေဖော်ဝါရီ ၁၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် စတုတ္ထအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီ(၄)ရက်မှ (၁၀)ရက်အထိ ခုနှစ်ရက်ကြာ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပရာ ဘွဲ့ရမောင်မယ်စုစုပေါင်း (၁၃၀၉)ဦးအား ဘွဲ့လက်မှတ်များ အပ်နှင်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘွဲ့နှင်းသဘင်ကျင်းပရာတွင် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ နိုင်နိုင်လတ်က ဘွဲ့နှင်းသဘင်မိန့်ခွန်းအနေဖြင့် ဘွဲ့ရမောင်မယ်များသည် မိုးညှင်းတက္ကသိုလ်၏ အထူးပြုဘာသာရပ် အသီးသီးမှပညာသင်နှစ် အဆင့်ဆင့်များအလိုက်သက်ဆိုင်ရာစာမေးပွဲများကို ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီးဖြစ်၍ ထိုက်တန်သော ဘွဲ့များအား အပ်နှင်းရန်နှင့် ပညာရေးအဖွဲ့က အတည်ပြု ပြဌာန်းခဲ့ပြီးဖြစ်ပါကြောင်းနှင့် ဘွဲ့တက်ရောက်ယူကြသည့် မောင်မယ်များနှင့်တကွ မိဘဆွေမျိုးများက ဝမ်းသာဂုဏ်ယူမဆုံး ဖြစ်နေကြသလို ပညာသင်ကြားပေးလိုက်သော မိုးညှင်းတက္ကသိုလ်ကလည်း ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စတုတ္ထအကြိမ်မြောက် ဘွဲ့ထူး၊ ဂုဏ်ထူးလက်မှတ်များ ပေးအပ်ရာတွင် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း နှစ်ပိုင်းခွဲ၍ ပေးအပ်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နေ့သင်တန်း၌တွင် မဟာဝိဇ္ဇာ/သိပ္ပံဘွဲ့ (၁၃)ဦးနှင့် ဝိဇ္ဇာ/သိပ္ပံ(ဂုဏ်ထူးဘွဲ့) (၃၃)ဦးဖြင့်လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နေ့သင်တန်းနှင့် ၂၀၂၅ပညာသင်နှစ် အဝေးသင်သင်တန်းတွင် ဝိဇ္ဇာ/သိပ္ပံရိုးရိုးဘွဲ့ (၁၂၆၃)ဦးဖြင့်လည်းကောင်း စုစုပေါင်းဘွဲ့ရမောင်မယ် (၁၃၀၉)ဦးအား တက္ကသိုလ်ပါမောက္ခချုပ်က ဘွဲ့လက်မှတ်များ အသီးသီး အပ်နှင်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်ပါ မောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ ဝမ်းသာပျော်ရွှင်စွာဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း