နမ့်စန်မြို့နယ် ကုန်းလမ်းကျေးရွာတွင် ယင်းနက်တိုင်းရင်းသားရိုးရာ ဝါးတူရိယာ(ကက်ကောင်)ပြုလုပ်ခြင်းနှင့် အတီးသင်တန်းဖွင့်လှစ်

နမ့်စန်(တ) ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက ကြီးကြပ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယင်းနက် တိုင်းရင်းသားရိုးရာ ဝါးတူရိယာ(ကက်ကောင်)ပြုလုပ်ခြင်းနှင့် အတီးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မက်မွန်မုန်းကျေးရွာအုပ်စု၊ ကုန်းလမ်းကျေးရွာတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မက်မွန်မုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ယင်းနက်တိုင်းရင်းသားနည်းပြနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက သင်တန်းဖွင့်အမှာစကားပြောကြား၍ ယင်းနက်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျိုင်းလီက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေ ၇၀၀၅၀၀၀ ကျပ်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ပေးအပ်ခဲ့ရာ ယင်းနက်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက  လက်ခံရယူခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် တာဝန်ရှိသူများက၊ သင်တန်းဆရာများ၊ သင်တန်းသားများနှင့်အတူ  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ယင်းနက်တိုင်းရင်းသားရိုးရာဝါးတူရိယာ (ကက်ကောင်) ပြုလုပ်နေခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနက်တိုင်းရင်းသားများအနေဖြင့် မိမိတို့ယင်းနက်တူရိယာ(ကက်ကောင်)ပြုလုပ်နည်းနှင့် တီးခတ်သည့်ပညာရပ် ရိုးရာအမွေတို့အား မပျောက်ပျက်အောင် ရေရှည်ထိန်းသိမ်းနိုင်ရန်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖန်တီးပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလတစ်လ ဖွင့်လှစ်သွားမည်ဖြစ်ကာ အဆိုပါသင်တန်းသို့ နမ့်စန်မြို့နယ်အတွင်းရှိ ယင်းနက်တိုင်းရင်းသားကျေးရွာ(၈)ရွာမှ သင်တန်းသား(၁၈)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

သူရအောင်(နမ့်စန်)