မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

မချမ်းဘော ဖေဖော်ဝါရီ ၁၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် စာဖတ်စွမ်းရည်မြင့်မားလာစေရန်ရည်ရွယ်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီနီလွင်က ပြည်ထောင်စိတ်ဓာတ်နှင့် လူငယ်တာဝန် ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီးနောက် အခြေခံပညာအထက်တန်းကျောင်း စတုတ္ထတန်းကျောင်းသားကျောင်းသူ ၁၅ ဦးတို့က ရွှေသွေးဂျာနယ်ပါ ပြည်ထောင်စုစိတ်ထားအလှ၊ ပြည်ထောင်စုအမွေ၊ ထိန်းသိမ်းအပ်သော စည်းလုံးမှု၊ ပြည်ထောင်စုနေ့တို့မမေ့ စသည့်ခေါင်းစဥ်များ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ 

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူ ၃၈ ဦးတို့က ခင်းကျင်းပြသထားသော ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် လှပသာယာ ပြည်မြန်မာဓာတ်ပုံပြပွဲ၊ သုတရသစာအုပ်စာစောင်ပြပွဲတို့ကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)